Monday, February 22, 2010

ဘုရားကို အတုလပ်၍ ကိုးကွယ်သောသူတို့ကို မိစ္ဆာဒိဌိဟုဆိုသည်ကိုပြခြင်း။

ဘုရားအတုကို လုပ်၍ မကိုးကွယ်အပ်ကြောင်း၊ ဆွမ်းကွမ်း အစရှိသော အရာတို့မှစ၍ မလှူအပ်ကြောင်းကို၊ ဒိဌိဝိသောဓနီကျမ်း၌ ပြဆိုသည်မှာ။ ။အတုလ ဘဂ၀တော၊ သက္ကောယပူဇာစ အနိစ္စသဇီဝကော၊ အနိစ္ဆိဝကော၊ ဂန္တံကာယေ၊ ဂုဿီတ၊ ပိဏ္ဍပါဒံ အလက္ကဋူပဒါနံ သတ္တအန္တောမိစ္ဆာဒိဌိ။ ။ဟူ၍ ပါဠိလာရှိသည်ကို မြန်မာလို ဘာသာပြန်ရလျှင်။ ။အတုလဘဂ၀တော၊ အတုမရှိသော မြတ်စွာဘုရားကို။ အတုလုပ်၍ ကိုးကွယ်ခြင်း။ အနိစ္စ၊ အမြဲမရှိသော။ သဇီဝကော၊ သဇီဘ၀မှ။ အနိစ္ဆိဝကော၊ အဆုံးဘ၀သို့။ ဂန္တံ၊ ပြောင်းသွားသော။ ကာယေ၊ ကာယတည်းဟူသော၊ အလောင်းကျန်ကို။ ဂုဿီတ ပိဏ္ဍပါဒံ၊ ဂုဿီထမင်း၊ ဂုဿီဟင်းတို့ဖြင့်။ အလက္ကဋူပ
ဒါနံ၊ လက်မကွာ ပေးလှူခြင်းအမှုကိုပြုသော။ သတ္တအယူတည်း။ ။ ၎င်းပြဆိုသော အဓိပ္ပါယ်မှာ အစိန္တေယ အပမေယ အရှင်ဖြစ်တော်မူသော၊ အတုမရှိသည့် မြတ်စွာဘုရားကို၊ အတုသဏ္ဌာန် လုပ်၍ ကိုးကွယ်ခြင်း။ ထို့အပြင်မှ တပါး ဤလောက အတွင်းမှာ၊ လူထက်မမြတ်သော အရာဌာနတို့ကို လူထက်အမြတ်ထား၍၊ ရိုသေစွာပြုလုပ်ပူဇော်ခြင်း၊ တမလွန် ဘ၀သို့ ပြောင်းသွားသော လူသေ၏ ကာယအလောင်းကို၊ ထမင်း၊ ဟင်းလက်မကွာ အစရှိသောအရာတို့ဖြင့် ကျွေးမွေးခြင်း၊ လူရှင်ကဲ့သို့ ကျွေးမွေးခြင်း၊ ပေးကမ်းလှူဒါန်းခြင်း ပြုလုပ်ခြင်းအမှုတို့သည်၊ မသိသော ပုထုဇဉ် သတ္တ၀ါတို့၏ မှားသော မိစ္ဆာဒိဌိ အယူကြီးပင်ဖြစ်လေတော့သည်ဟူ၍ ဆိုလိုခြင်းပင်ဖြစ်သည်။ ဂုဿီထမင်း၊ ဂုဿီဟင်းဆိုသည်မှာ ရှေးအခါက မြန်မာလူမျိုးတို့သည်၊ လူသေလျှင်၊ လူသေကို ကျွေးမွေးဘို့ရာ လူသေ၏ အဘို့အလို့ငှါသက်သက်ဖြင့်  ဖိုခနောက်နှစ်လုံးနှင့် တယ်ချက်သော ထမင်းဟင်းတို့ကို  ဂုဿီထမင်း၊ ဂုဿီဟင်းဟူ၍ ခေါ်သည်။ ယခုအချိန်တွင်ကား ထိုကဲ့သို့သော လူသေအဘို့ သတ်သတ်ချက်ပြုခြင်း မပြုလုပ်ကြတော့။ သို့သော်လည်း လူရှင်စားဘို့ရာ ချက်ပြုတ်သော ထမင်းဟင်းထဲက ယူ၍ လူသေကို ထမင်းခွက်ထဲ့သောအရာများကို အလွန်ရိုင်းသော မြန်မာတောရွာတို့၌ တွေ့မြင်ရသေးသည်။ ဤကား မှားသော မိစ္ဆာအယူဖြစ်သည်ကို ပြလိုက်သည်။ ။၎င်းဖေါ်ပြခဲ့သော ဒိဌိဝိသောဓနီကျမ်းသည် ဇင်းမယ်က ပြုသောကျမ်းဖြစ်သည်၊ ၎င်းကျမ်းနှင့်တကွ၊ သောတတ္ထဂီနိဒါန်း၊ ဇာတတ္ထဂီနိဒါန်းများကို၊ အချို့သော ရဟန်းဆရာတို့သည်၊ မိမိတို့သဘောနှင့် မတိုက်ဆိုင်သောကြောင့်။ သံဃာရတနာတင် ကျမ်းမဟုတ်ဟူ၍ ဆိုကြသည်။ သို့သော်လည်း ထိုရဟန်းတို့သည် ဆိုသည့်အတိုင်း မဟုတ်နိုင်ရာ၊ အဘယ့်ကြောင့်ဆိုသော်၊ ၎င်းဖေါ်ပြခဲ့သော ကျမ်းသုံးကျမ်းတို့ကိုေ၇းသားပြုစုသော ရှင်စူဠဗုဒ္ဓပေသ၏ နာမည်သည်၊ သင်္ဃာရတနာတင်သော စာရင်းတွင်ပါဝင်သောပုဂ္ဂိုလ်ဖြစ်သောကြောင့်၊ ၎င်းကျမ်းတို့သည် သင်္ဃာရတနာတင်ရာတွင် မပါဟု မဆိုနိုင်ရာ။ မြန်မာ ရှင်ဘုရင် အဆက်ဆက်လက်ထက်တို့၌၊ မြန်မာဘုန်းကြီးရဟန်းတို့သည်၊ မိမိတို့ အတ္တမနောမဟိ၊ အယူဝါဒရှိသည့်အတိုင်း၊ ကျမ်းဂန်ပြုပြင်စီရင်ပြီးလျှင်၊ ရှင်ဘုရင်ဆရာ၊ သာသနာပိုင်ဆရာနှင့်တကွ မိမိတို့၏ အယူဝါဒကို အများလိုက်နာဘို့ရန် ကျိုးစားတတ်ကြသည်။ မြန်မာ ရှင်ဘုရင်များလည်း၊ မိမိတို့ဆရာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ သင်္ဃာရာဇာသာသနာပိုင် တင်မြောက်တတ်ကြသည်၊ အချို့သော ဘုန်းကြီးများကလည်း မိဖုရားများကို အမှီပြု၍ မိမိတို့ ဂုဏ်သတင်းကို ပျံပွားစေသည်။ ရဟန်းရှင်လူအများတို့ကလည်း၊ ရင်ဘုရင်မိဖုရားတို့၏ မျက်နှာကိုလိုက်၍၊ မစစ်ဆေးမတွေးတောပဲ၊ ကိုးကွယ်ယုံကြည်သက်ဝင်၍နေကြသည်။  အချို့သော ရဟန်းပုဂ္ဂိုလ်တို့မူကား မှန်သည်၊ မှားသည် သိသော်လည်း ရှင်ဘုရင်၏ ရာဇပြစ်ဒါဏ်ကို ကြောက်ရွှံ့သောကြောင့် ရဲရဲဝံ့ဝံ့ မဟော မပြောဝံ့၊ မိမိအယူဝါဒနှင့်သာ တိတ်တိတ်နေခဲကြရလေသည်။ ယခုတိုင် ရုပ်တုစေတီတို့ကို ရှိမခိုးသော ဘုန်းကြီး ရဟန်းတို့ကိုလည်း မကိုးကွယ်၊ ပရမတ္ထဟူ၍ အခေါ်ခံနေသော မြန်မာလူမျိုးများလည်း ရှိနေကြမြဲပင်ဖြစ်သည်။ 

0 comments:

Post a Comment