ပိဋကတ်ကျမ်းစာလာသည့်အတိုင်း၊ ဗုဒ္ဓသာသနာတွင် ရတနာ သုံးပါသည် မူလအခြေဖြစ်၍၊ ဘုရား၊ တရား၊ သံဃာနှင့်ကင်း၍ သာသနာတော် မတည်နိုင်ရာ။ ထို့ကြောင့် ၄င်းရတနာ သုံးပါးကိုပင်၊ သရဏဂုံသုံးပါဟူ၍ ခေါ်ပြန်လေ၏။ သရဏဂုဏ်သုံးပါးဟူသည်ကား။ ကိုးကွယ်ထိုက်သော ဂုဏ်အင်္ဂါနှင့် ပြည့်စုံသည်ကိုဆိုလိုသည်။ ထို့ကြောင့် ]]နှစ်ဆယ့် လေးပွင့်၊ ပန်းသုံးဆင့်၊ ကိုယ်နှင့်မကွာဆင်ရမည်}}ဟု ပညာရှိတို့စပ်ဆိုသည့်အတိုင်း၊ ဆင်ရန်ပန်းဖြစ်သော၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ဟူသော စာလုံးနှစ်ဆယ့်လေးလုံးကိုပင် ဆိုချေသည်။ ထို့ကြောင့် ဤအခဏ်းတွင် သံဃံသရဏံ ဂစ္ဆာမိ တည်းဟူသော သံဃာတော် အကြောင်းကို ဖေါ်ပြပါအံ့။
သံဃာဆိုသည်ကား။ မဂဓ အဘိဓါန်ကျမ်း၌၊ သံဃော၊ အပေါင်းဟု လာသည်။ ဇာတ်တူဟူသော သူတို့၏ အစုအပေါင်းကို သံဃာဟုခေါ်သည်။ အဘယ်သို့နည်း ဇာတ်ဆိုသော် အသွင်အပြင်၊ အနေအထိုင်၊ အစားအသောက်တူ၏။ တရုတ်ဇာတ်၊ ကုလားဇာတ်မှစ၍ အစုအပေါင်းကို ဇာတ်ခေါ်သကဲ့သို့၊ သံဃာဟူသောအပေါင်းလည်း အသွင်တူသော လူစုဖြစ်သည်ဟုမှတ်ရ၏။ တနည်း၊ ဝိဂြိုလ်ဝစနတ်လာပြန်သည်မှာ။ သမဂ္ဂံသမေတီတိသံဃော။ ။သမဂ္ဂံ၊ အညီအညွတ်။ သမေတီ၊ စည်းဝေးတတ်သောကြောင့်။ သံဃော၊ သံဃာမည်၏ဟု လာသည်နှင့်အညီ၊ စိတ်သဘော တညီတညွတ်တည်းရှိ၍၊ စည်းဝေးတိုင်ပင်ခြင်းတတ်သော လူစုတို့ကို သံဃာဟူ၍ခေါ်၏။ ထိုသို့နှင့်အညီ စောဒကတက်ငြားအံ့၊ ထိုသို့စည်းဝေးသောသူတိုင်းကို ခေါ်ရမည်မဟုတ်၊ သံဃာဂုဏ်နှင့် ညီမှသာ သံဃာခေါ်ရပေမည်။ သို့ပါသောကြောင့် ထိုသံဃာ့ဂုဏ်ကို သိနိုင်ကြစေရန် သံဃာဂုဏ်တော် ကိုးပါးကို အောက်တွင် ဖေါ်ပြလိုက်ပါသည်။
သုပ္ပဋိပန္နော သာဝကသံဃော၊ ဥဇုပဋိပန္နော ဘဂဝတော သာဝကသံဃော။ ဥာယပဋိပန္နော ဘဂဝတော သာဝကသံဃော။ သာမိစိပဋိပန္နော ဘဂဝတော သာဝကသံဃော။ ယာဒိဒံ စတ္တာရိ ပုရိသာ ယုဂါနိ အဌပုရိသ ပုဂ္ဂလာ၊ ဧသာ ဘဂဝတော သာဝကသံဃော။ အာဟုဏေယျော ပါဟုဏေယျော၊ ဒက္ခိဏေယျော၊ အဉ္စလီ ကရဏီယျော။ အနုတ္တရံ ပညခေတ္တံ လောကသာတိ။ ။ဟုလာသည်နှင့်အညီ ဂုဏ်တော်ကိုးပါးနှင့်အညီ သံဃာ၊ ၄င်းတွင် အဌပုရိသပုဂ္ဂလာတည်းဟူသော၊ မဂ်၌တည်သော ပုဂ္ဂိုလ်လေးယောက် ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက် ပေါင်းရှစ်ယောက်တို့သာ ပရမတ္ထအရိယာ သံဃာတော်မှတ်ရမည်။ ဤမြွှကင်းသမျှမှာ သမုဒိသံဃာဟု မှတ်လေ။ ထို သမုဒိသံဃာ ဆိုသည်မှာကား အမည်သာခံ တကယ်မမှန်သော သံဃာကိုခေါ်ဆိုခြင်းပင်ဖြစ်လေသည်။ အောက်တွင် ဆက်လက်၍ရှင်းပြသွားပါမည်။
0 comments:
Post a Comment