ဤမြန်မာနိုင်ငံသို့၊ သီဟိုဠ်ကျွန်းက ဒက္ခိဏသာခါခေါ်သော ရုပ်တု ရောက်လာခြင်း၏ အစကိုဆိုရသော်။ သက္ကရာဇ် ၇၇၀ ခုနှစ်တွင် ၊ ရတနာ ပူရမြို့၌ နန်းတက်တော်မူသော ရှမ်းမျိုးမိုးညှင်းမင်းတရားလက်ထက်တွင်၊ ညောင်သားကို ထုလုပ်သည့် ဒက္ခိဏသာခါခေါ်သော ရုပ်တုတို့သည် အဆူသုံးရာကျော်၊ သီဟိုဠ် ဘုန်းကြီးများနှင့် တကွ၊ သီဟိုဠ်ကုလားတို့သည်၊ ဤမြန်မာပြည်သို့လာ၍ ရောင်းချကြောင်း။ မြန်မာပြည်သူ၊ မင်းမူးမတ်၊ ရဟန်း၊ ရှင်လူတို့မှ အစပြု၍ လူအပေါင်းတို့သည်လည်း ၀ယ်ယူ၍ အမြတ်တနိုး ကိုးကွယ်ကြကြောင်း။ ၎င်းနောက်လည်း မိုးညှင်းမင်းတရား သားတော် မင်းရဲကျော်စွာ လက်ထက်မှစ၍၊ မင်းကြီးသီဟသူရ လက်ထက်တိုင်ရောက်သော် အဆက်မပြတ် သီဟိုဠ်ကျွန်းက ရုပ်တုအများယူလာကြောင်း ဒက္ခိဏသာခါ မှတ်စု စာတမ်းတို့၌၎င်း၊ အစဉ်အဆက် ပဝေသဏီကထာ မှတ်စုများတွင်၎င်း၊ အရှင်အာစရိယ၀ံသဓဇ ရေးသားစီရင်သည့် ရာဇ၀င်ထွက်ဆိုသော စကားများနှင့် တိုက်ဆိုက်ကြည့်ရှုခြင်းအားဖြင့်၎င်း။ ဤမြန်မာပြည်သို့ ဒက္ခိဏသာခါရုပ်တု၏ ရောက်ခြင်းအစကို သိရသည်။ ၎င်းနောက် မြန်မာပြည်သားတို့သည်လည်း ၎င်း ဒက္ခိဏသာခါ၏ ရုပ်တုအတိုင်းပင် အထက်မြေတူးအရပ်ကစ၍ ထုလုပ်ရောင်းချခြင်း အလေ့အလာကို ပြုလုပ်၍၊ ယခုတိုင်အောင် အဆက်ဆက်ကနည်းအတိုင်း မြို့တိုင်း၊ ရွာတိုင်း၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရုပ်တုဆိုင်ကိုတည်၍ ရောင်းချကုန်သွယ်ခြင်းအမှုကို ပြုလုပ်လျှက်ရှိနေလေတော့သည်။ ၎င်းထုလုပ်သော အဖိုးတန် ရုပ်တု အကြီးအကျယ်တို့ကို နောက်ဘုန်းကြီးရဟန်း၊ ဆရာတို့ကတဖန် ၎င်းရုပ်တုကိုပင် အနေကဇာတင်ပွဲပြုလုပ်ဘို့ရာ စီမံပြန်လေသည်။ အနေကဇာပွဲစီမံသောနည်းမှာ၊ ရုပ်တုကိုဝယ်ယူအပြီး ဒါယိကာ၊ ဒါယိကာမတို့အား မဏ္ဍာပ်ကနားထိုးစေကာ ရုပ်တုအား စင်နှင့်တကွ ထားပြီးလျှင်၊ တတ်နိုင်ကြသည့်အတိုင်း၊ ဆွမ်း၊ သင်္ကန်း၊ ပရိက္ခရာ၊ ပဒေသပင်၊ အလှူဝတ္ထုအမျိုးမျိုးတို့မှစ၍ ၊ ဗျောစည်၊ ကချေသဘင်အတီးအမှုတ်တို့နှင့်တကွ ပြုလုပ်စေပြီးလျှင်၊ နံနက်စောစော နေထွက်စချိန်တွင်၊ တစ်ပြိုင်တည်း ရွက်ဖတ်ပြီးလျှင်၊ ဒါယကာ၊ ဒါယကာမတို့အား ကိုးကွယ်စေသည်။ ၎င်းအရာတွင်၊ အနေကဇာတင်ဆိုသောစကား၏ အဓိပ္ပါယ်မှာ ၊ ဧကန်ဘုရားမဟုတ်ဟူ၍ ဆိုသည်။ ဤကား ၀ိနည်းပရိယာယ်စကားဖြစ်သည်။ အနေကဇာတင်သည်ဆိုသော နည်းမှာ။ ရှေးအထက်က အရီးကြီး၊ အရီးကလေးတို့ဂိုဏ်းဝင်ဖြစ်သော၊ မှော်ဆရာ၊ နတ်ဆရာတို့ကို၊ ဂ၀ံရုပ် ထုလုပ်၍၊ ပွဲနတ်ရကာ ကျင်းပပြီးလျှင်၊ သြောင်း သိဒ္ဓိ တင်သည့်နည်းတူ၊ ဘုရားရုပ်တုတို့ကိုလည်း၊ ဘုန်းကြီးရဟန်းတို့က၊ မိမိတို့ဥာဏ်ဖြင့် စီမံ၍ ကမ္မသိဒ္ဓိတင်မြောက်ကြလေသည်။ ပိဋကတ်သုတ္တမဟာပဒေသာ ပါဠိတော်ကျမ်းတို့တွင်၊ ဤကဲ့သို့သောအရာကို ရှင်ဂေါတမကိုယ်စားရုပ်တု ထုလုပ်၍ အနေကဇာတင်ပြီးလျှင်၊ ကိုးကွယ်ရမည်ဟု၊ မည်သည့် ပါဠိတော် ကျမ်းဂန်တို့ကမှ မပြဆိုကြပါ။ ။ ဤကား ဒက္ခိဏသာခါ ရုပ်တု အကြောင်းနှင့် အနေကဇာပြုလုပ်ခြင်း အကြောင်းအရာတို့ကို ရှင်းလင်းစွာ ဖေါ်ပြခြင်းပင်ဖြစ်လေသည်။
0 comments:
Post a Comment