အထက်၌ဖေါ်ပြခဲ့သည့်အတိုင်း။ အဆူဆူသော ဘုရားထံ၌ ဗျာဒိတ်တော်ခံပြီးမှ ဗုဒ္ဓအဖြစ်သို့ ရောက်အံသောငှါ၊ ပါရမီတို့ကို ဖြည့်ကျင့်ဆည်းပူးရလေသည်။ ထိုသို့ ပါရမီကို ဖြည့်ကျင့်ရခြင်းတွင်လည်း၊ တဆူနှင့်တဆူ အတူတူ ကျင့်ရသည်မဟုတ်ကုန်။ပညာဓိက ဘုရားမှာ၊ လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ သဒ္ဓါဓိက ဘုရားမှာ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ ဝိရိယာဓိဘုရားမှာ တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်း အသီးသီးဖြည့်ကျင့်မှသာ ဗုဒ္ဓအဖြစ်သို့ ရောက်နိုင်လေသည်။ ပါရမီဆယ်ပါး၏ သရုပ်သော်ကား။
ပါဠိ။ ။ဒါနံသီလဉ္စနိက္ခမံ။ ပညာဝိရိယပဉ္စ။ ခန္တီသစ္စာဓီဌာနံ။ မေတ္တုပေက္ခဣမေဒသ။ ။ဤသို့လာသောကြောင့်။
၁။ ဒါန - အလှူလှူခြင်း။
၂။ သီလ - အကျင့်ကျင့်ခြင်း။
၃။ နိက္ခမ - တောထွက်ခြင်း။
၎။ ခန္တီ - သည်းခံခြင်း။
၅။ အဓိဌာန - ဆောက်တည်ခြင်း။
၆။ သစ္စာ - မှန်ကန်စွာဆိုခြင်း။
၇။ ဝိရိယ - လုံလထြွကခြင်း။
၈။ ပညာ - ဥာဏ်နှင့်ပြည့်စုံခြင်း။
၉။ မေတ္တာ - ချစ်ခြင်း။
၁၀။ ဥပေက္ခာ - လျစ်လျှူရှုခြင်း။ ဟူ၍ ဆယ်ပါးဖြစ်လေသည်။ ထိုပါရမီ ဆယ်ပါးတို့ကို အယုတ်၊အမြတ်၊ အလတ်၊ အမြတ်အားဖြင့်၊ တပါးပါး၌၊ သုံးပါး၊ သုံးပါးစီ ပြားပြန်သောကြောင့်၊ ဒသပါရမီ၊ ဒသဥပပါရမီ၊ ပါရမီဆယ်ပါး အပြားသုံးဆယ်ဟု ခေါ်လေသည်။ မည်သည့် ကမ္ဘာတွင် ပေါ်ထွန်းသော မည်သည့်ဗုဒ္ဓမဆို၊ ထိုပါရမီများကို ဖြည့်ဆည်းမှသာလျှင် ဘုရားဖြစ်ရပေမည်။
မှတ်ရန်။ ။ ဘုရားနှင့် ကမ္ဘာ၊ ဘုရားနှင့် သတ္တဝါ၊ ဘုရားနှင့် တရား၊ အဘယ်ကဦးပါသနည်းဟု ဆင်ခြင်ရန် ရှိပါသည်။ ဘုရားပြီးမှ ကမ္ဘာ၊ သို့မဟုတ် ကမ္ဘာတည်ပြီးမှ ဘုရား၊ သတ္တဝါဖြစ်ပြီးမှ ဘုရား၊ သို့မဟုတ် ဘုရားရှိတော်မူပြီးမှ သတ္တဝါ၊ ဘုရားကဟောပြီးမှ တရား၊ သို့မဟုတ် တရားကျင့်ပြီးမှ ဘုရား။ ဤစကားကို များစွာ ဆင်ခြင်စဉ်းစား၍ ခွဲထားရမည်။
ပရိတ်ကြီးပါဠိတော်၊ ရတနာသုတ်၌ ၊ ဝရောဝရညုဝရဒေါဝရဟရော အနုတ္တရောဓမ္မာရံ အဒေသယိ ဟောတော်မူလေသည်။ ။ အနက်ကား။ ။ ဝရော၊ မြတ်သော။ ဝရညု၊ မြတ်သော တရားကို သိတော်မူတတ်သော။ ဝရဟရော၊ မြတ်သော အစီးပွားကိုလည်း ဆောင်တော်မူတတ်သော။ ဝရဒေါ၊ မြတ်သော လောကုတ္တရာ တရားကိုလည်း ပေးတော်မူတတ်သော။ အနုတ္တရော၊ လွန်သောသူမရှိသော မြတ်စွာဘုရားသည်။ ဓမ္မဝရံ၊ ပရိယတ္တိ တရားတော်မြတ်ကို။ အဒေသယိ၊ ဟောတော်မူ၏ ဟုလာသောကြောင့်၊ ဘုရားကဟောမှ တရားတော်ရှိကြောင်း ထင်ရှားလေသည်။ ထိုသို့ဖြစ်လျှင် ဘုရားသည် တရားတော် အရင်ရှိနှင့်သတည်း။
သမ္မာကျမ်းစာ၌ကား ဘုရားသခင်ဟူသည် ပုဂ္ဂိုလ်တော်သည် ပကတိအားဖြင့် ဘုရားဖြစ်တော်မူသောကြောင့် သယမ္ဘူဖြစ်တော်မူ၏။ "ဘုရားသခင်ကလည်း ငါဖြစ်သည့်အတိုင်း ငါဖြစ်၏" ( ထွက်မြောက်ရာ ၃း၁၄)။ ပါရမီဖြည့်ကျင့်သောကြောင့် ဘုရားမဟုတ်၊ ဘုရားဖြစ်သောကြောင့် ဘုရားဖြစ်၏။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျတို့သည် အလင်းတို့အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ပြောင်းလဲခြင်းမရှိ၊ လှည့်၍လည်း အရိပ်ကျစေတော် မမူတတ်၊ ယာကုပ် ၁း၁၇ ၌လာသည့်အတိုင်း။ မြတ်စွာဘုရားသခင်သည် စုံလင်တော်မူသော အရှင်ဖြစ်၍၊ သာ၍စုံလင်တော်မူရန်မလို၊ မစုံလင်သော လူသတ္တဝါသာလျှင် စုံလင်အောင် ကျင့်ရ။ ပါရမီဖြည့်ရလေသည်။ ထိုကျမ်းစာ စကား၌ "ပြောင်းလဲခြင်းမရှိ" ဟုလာသောကြောင့်။ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှ နောက်ကမ္ဘာအဆက်ဆက်တိုင် ထာဝရဘုရားဖြစ်တော်မူ၏။
0 comments:
Post a Comment