Saturday, January 30, 2010

တရားတော်အကြောင်း။

တရားတော်အကြောင်း။


       ပိဋကတ်ကျမ်း၌၊ ဗုဒ္ဓအရင် နိယာမတရားရှိနှင့်ကြောင်း။ ထိုနိယာမတရားကို၊ ဗုဒ္ဓမြတ်စွာက၊ သဗ္ဗညုတ ညာဏ်အားဖြင့် ထုတ်ဖေါ်ဟောကြားတော်မူကြောင်း။ မြတ်စွာဘုရားသခင် ဟောကြားတော်မမူမီ၊ တစုံတယောက်သော သူမျှ၊ ထိုနိယာမတရားကို၊ ထင်ရှား မသိနိုင်ချေ။ ထို့ကြောင့် ပဉ္စနိယာမော ဗုဒ္ဓင်္ဂလော၊ ဗုဒ္ဓေါတိဝါစနတောဟု၊ အဌကထာ ဆရာမြတ်တို့ မိန့်ဆိုတော်မူလေသည်။ လယ်တီဆရာတော်ကြီးသည် ရေးသား၍၊ ဥရောပတိုက်သို့ ပို့သော "ဥရောပ ဗုဒ္ဓဘာသာ အလင်းပြကျမ်း" ဟုခေါ်ဝေါ်သော၊ နိုင်ငံခြားသို့ ဗုဒ္ဓဘာသာ ထွန်းလင်းထိန်လင်းပါစေဟု ရေးလွတ်လိုက်သော ထိုကျမ်း၏ အစ ပဌမပိုင်း၌ပင် ထိုနိယာမ တရားကို အစပြု၍၊ အခြေခံတည်ပြီးလျှင် ရေးသားထားလေသည်။ ထို့ကြောင့် တရားတော် အကြောင်းပြရာ ဤအခဏ်းတွင်လည်း နိယာမ တရားကပင် စ၍ပြဆိုပေအံ့။


နိယာမတရား ငါးပါး အကြောင်း။

 

၁။ ဥတုနိယာမ။

       ဥဒေတိပသဝတီတိဥတု။ ။ဥဒေတိပသဝတီတိ၊ ပွားစီးတတ်၏။ ဣတိတသ္မာ၊ ထိုသို့သောအကျိုးစီးပွားကြောင့်။ ဥတု၊ ဥတုမည်၏။ ထိုဥတုသည်၊ ဗီဇံ၊ မျိုးတို့ကို၊ သို့မဟုတ် ဖြစ်ပြီးသော ရုပ်တုတို့ကို ပွားစီးစေ၍ မဖြစ်သေးသော ရုပ်တို့ကိုဖြစ်စေ၏။ ထို့ကြောင့် ဥတုမည်၏။ ထိုသို့ပွားစီးကြောင်းဖြစ်သော ဥတုကား၊ နှစ်ပါးရှိ၏။

              က။  သီတာဥတု... အအေး။

              ခ။ ဥဏှဥတု...အပူ၊ အပူ၊ အအေး နှစ်ပါးတို့ကြောင့် ပွားစီးခြင်းဖြစ်ရလေသည်။ တနည်း ဥတုသုံးပါး။

              ဂ။ (၁) ဂိမ္မန္တ... နွေဥတု။ ( ၂) ဝဿန္တ.... မိုးဥတု။ ( ၃) ဟေမန္တ..... ဆောင်းဥတု။ ဥတုသုံးပါးကိုလည်းပြ၏။

ဤဥတုတို့သည်၊ အစဉ်မပြတ်ရှိလေ၏။ ၄င်းဥတုနိယာမ အထူးကား၊ တေဇော တည်းဟူသော မီးဓါတ်ရှိ၏၊ ပဌမ ရှေးဦးဖြစ်သော အခိုက်အတန့်ဖြစ်သည်ဟုလည်းပြ၏။

 

၂။ ဗီဇနိယာမ။

       ဝိဝိဒေနဇာယန္တိရုက္ခာဒယော ဧတေနာတိဗီဇံ။ ဧတေန၊ ထိုမျိုးစေ့ဖြင့်။ ရုက္ခေဒယော၊ သစ်ပင်နွယ်ပင်စသည်တို့သည်။ ဝိဝိဒေန၊ အထူးထူး အပြားပြား အားဖြင့်။ ဇာယန္တိ၊ ဖြစ်ပွားပေါက်ရောက်တတ်ကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဗီဇံ၊ ဗီဇမည်၏။

       လူတို့အခေါ်အားဖြင့် ဗီဇ ၅ မျိုးကို ပိဋကတ်၌ပြသည်မှာ။

                  ၁။ မူလဗီဇ - အမြစ်ကပေါက်သောမျိုး။

              ၂။ ခန္ဓဗီဇ - ပင်မည်မျိုးစေ့၊ အခက်ပေါက်သောမျိုး။

              ၃။ ဖလုဗီဇ - အဆစ်မျိုးစေ့၊ အဆစ်ကပေါက်သောမျိုး။

              ၄။ အဂ္ဂဗီဇ - အညွန့်မျိုးစေ့၊ အညွန့်ပေါက်သောမျိုးစေ့။

              ၅။ ဗီဇဗီဇ - အစေ့မျိုးစေ့၊ အစေ့ကပေါက်သောမျိုးဟူသမျာတို့တည်း။

                     ဤမူလဗီဇ - အစရှိသောမျိုးတို့မှာ ကမ္ဘာဦးတည်ဦးမှ စ၍၊ အမြစ်ကပေါက်သောမျိုး အမြစ်ကသာ။ အခက်ကပေါက်သောမျိုး အခက်ကသာ အမြဲဖြစ်လေသောကြောင့် နိယာမဟု ခေါ်ရလေသည်။


၃။ ကမ္မနိယာမ။

    ကရောန္တိဇနာဟိတာ ဟိတကိစ္စာနိစ၊ ပုညာပုညကိစ္စာနိစ ဧတေနာတိကမ္မံ။ ဧတေန၊ ဤစေ့စော်မူ စေတနာဖြင့်။ ဇနာ၊ သတ္တဝါများတို့သည်။ ဟိတာဟိတကိစ္စာနိစ၊ အကျိုးရှိသောအမှု၊ အကျိုးမဲ့သောအမှုတို့ကို၎င်း။ ပုညာပုညကိစ္စာနိစ၊ ကောင်းမှု မကောင်းမှုတို့ကို၎င်း။ ကရောန္တိ၊ ပြုတတ်ကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ကမ္မံ၊ ကံမည်၏။ ။စင်စစ်အားဖြင့်၊ အကုသိုလ်ကံ၊ ကုသိုလ်ကံတည်းဟူသော ကောင်းကျိုး မကောင်းကျိုး၊ ကောင်းမှု မကောင်းမှု နှစ်ပါးပါဝင် ကံမည်လေသည်။ နောက်ကံတရား အကြောင်းမှာ အကျယ်ကြည့်ပါလေ။

      

၎။ စိတ္တနိယာမ။

       စိန္တေတီတိစိတ္တံ။ အာရမ္မဏံ ဝိဇာနာ တီတိအတ္ထော။ ။ စိန္တေတိ၊ ကြံစည်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ စိတ္တံ၊ စိတ်မည်၏။ အာရမ္မဏံ၊ အာရုံအမျိုးမျိုးကို၊ ဝိဇနာတိ၊ သတတ်၏။ ဣတိအယံ၊ ဤအဓိပ္ပါယ်ကား။ အတ္ထော၊ အနက်တည်း။ အာရုံအမျိုးမျိုးကို သိတတ် ကြံတတ်သောကြောင့် စိတ်မည်၏။ အာရုံအမျိုးမျိုးကို ဆန်းကြယ်စွာ ကြံစည်တတ်သော တရားပင် စိတ်မည်၏။ ဤစိတ်သည် အစဉ်ရှိ၍မြဲ၏။ ထို့ကြောင့်လည်း နိယာမဟုခေါ်သည်။ ၄င်းစိတ် အကျဉ်းမှာ။

       အကုသိုလ် စိတ် ၁၂ ခု၊ အဟိတ်စိတ် ၁၈ ခု၊ ပေါင်း ၃၀ သောဤစိတ်တို့သည် ယုတ်နိမ့်သော စိတ်မျိုး၊ မတင့်တယ်သော စိတ်မျိုးဖြစ်၍ အသောဘဏစိတ်ခေါ်၏။ ကာမာဝစရစိတ် ၂၄၊ ရူပစိတ် ၁၅ ၊ အရူပစိတ် ၁၂ ၊ လောကုတ္တရာစိတ် ၈ ၊ ပေါင်း ၅၉ ၊ဤစိတ်တို့သည်၊ မြတ်သောစိတ် နှစ်သက်သောစိတ်ဖြစ်သောကြောင့်၊ သောဘဏစိတ်ခေါ်၏။

 

၅။ ဓမ္မနိယာမ။

       သဘာဝံ ဓာရေတီတိ ဓမ္မော။ ။သဘာဝံ၊ မိမိသဘောကို၊ ဓါရေတိ၊ ဆောင်တတ်၏။ ဤတိတသ္မာ၊ ထို့ကြောင့်။ ဓမ္မော၊ ဓမ္မမည်၏။ မိမိသဘောကို ဆောင်တတ်သောကြောင့် တရားမည်လေသည်။

       ဓမ္မနိယာမဆိုသော အမြဲတရား ဘယ်သို့မြဲသည့်အကြောင်း။

              ဗုဒ္ဓဝံသပါဠိတော်၌......

                  ၁။ ဗုဒ္ဓတိုင်း ဓမ္မစကြာတရားကို ဟောကြောင်း။

              ၂။ ဗုဒ္ဓတိုင်း နိပါတ် သုတ္တံကိုဟောကြောင်း။

              ၃။ ဗုဒ္ဓတိုင်း ဝိနည်းသိက္ခာကိုဟောကြောင်း။

              ၄။ ဗုဒ္ဓတိုင်း အဘိဓမ္မာကိုဟောကြောင်း တို့ပါရှိလေသောကြောင့်၊ ထိုဘုရားဟု အမည်ခံသော အရာအားလုံးတို့သည် ဤထက်မထူးသဖြင့်၊ ဤတရားသည် မြဲသောတရားပင်ဖြစ်သောကြောင့်၊ နိယာမတရားဟု ခေါ်ဆိုခြင်းပင်ဖြစ်လေသည်။

 

မှတ်ရန်မျာ။ ။ နိယာမတရား ငါးပါးတို့သည်၊ အစတရား မဟုတ်။ ဖြစ်ပြီးမှသာ စဉ်၍မြဲနေသော တရားစုဖြစ်လေသည်။ နေ၊ လ၊ နှစ်ပါးတို့ကို၊ နေသည်၊ ဥဏှ၊ အပူ။ လသည် သီတ၊ အအေးယူရသောကြောင့်၊  နေ၊ လ မရှိခင် ဥတုမရှိနိုင်။ နေရှိသောအားဖြင့် သာ၊ ဥတုသုံးပါးလည်း ပွားစီး၍ဖြစ်လာရသောကြောင့် ၊ နေ တည်းဟူသော၊ ဥဏှ ဥတု၏ အစသည် မည်သည်က စပါသနည်းဟု ဆင်ခြင်ရန်တချက်။

 

ဗီဇနိယာမ၌၊ ဗီဇဗီဇ၊ အစေ့မှ ပေါက်သော မျိုးအစဦးက၊ ပိန္နဲ သရက်၊ စပါးကဲ့သို့သော မျိုးများမှာ၊ အစေ့က အရင်ဖြစ်သလော။ အပင်ကအရင်ဖြစ်သလော၊ ယခု ကျွန်ုပ်တို့မြင်သော ပစ္စက္ခဝတ္ထုမှာ၊ အပင်က အသီးသီး၍ အစေ့ဖြစ်လာခြင်း၊ အစေ့က အပင်ပေါက်၊ ထိုသို့ဖြစ်လာ၍ ဖြစ်မြဲဖြစ်လျှက်ရှိသဖြင့်၊ ပဌမ မျိုးစေ့သည် ဘယ်ကရပါသနည်း။ ဥတုတည်းဟူသော တေဇောဓါတ်၌ မရှိဘူး၊ မျိုးစေ့ထဲ၌သာ တေဇောရှိသည် မဟုတ်ပါလောဟု မေးဘွယ်ရှိပါသည်ဆိုသည်က တချက်။

 

ကမ္မ၊ စိတ္တ၊ ဓမ္မ ဤတရားသုံးပါးတွင်၊ ပုဂ္ဂိုလ် မရှိမီက မဖြစ်နိုင်ရာ၊ ကမ္မ၊ ကံသည်။ ပုဂ္ဂိုလ်၏ အပြုအမူ၊ စိတ္တ၊ စိတ်သည်၊ ပုဂ္ဂိုလ်၏ အကြံအစည်၊ ဓမ္မ၊ တရားသည်၊ အဘိဓါန် အနေကတ္ထဝဂ်၌ ဘော်ပြသည် အတိုင်း။ သဘော၊ ပရိယာယ်၊ပညာ၊ အသင့်၊ သစ္စာ၊ ကြပတေ့၊ ကောင်းမှု၊ သိခြင်း၊ ကျေးဇူး၊ အကျင့်၊ သမာဓိ၊ အလွတ်၊ အာပတ်၊ အကြောင်း၊ သီလစသော ကျေးဇူး သူတော်တရားဟူ၍ ၁၆ အနက်ပြလေသည့်အတိုင်း၊ ပုဂ္ဂိုလ်၏ သဘော၊ ပညာ၊ အစရှိသော အစုပင်ဖြစ်သဖြင့်၊ လူမရှိမီ၊ ၄င်းနိယာမ အစုတို့သည် မရှိဘဲ ၊ လူရှိမှသာ ရှိသော နိယာမ အစုဖြစ်သဖြင့်၊ လူကအရင်ရှိရမည်။ ထိုနည်းတူ၊ အကုသိုလ်ကံ ကုသိုလ်ကံ တို့ကိုလည်းထားသူ အရင်ရှိရမည်၊ အာဏာပိုင်ရှင်ဓမ္မိဿ ၊ ဓမ္မရာဇာ ရှိရမည်မဟုတ်ပါလော။

 

ဗုဒ္ဓများမရှိခင်က၊ ဥတုရှိနှင့်လေပြီ။ ထိုဥတုနှင့် ဗီဇကိုပင် ဗုဒ္ဓများက ခံစားစံစား၍ သွားခဲ့ရပြီးဖြစ်၍ ငါတို့မရှိမီ ရှိနှင့်သောကြောင့်၊ ဤဥတု ဗီဇတို့သည် နိယာမ ဖြစ်၏။ ငါတို့ကား ဇင်္ဂ မဖြစ်။ ငါတို့မမြဲ၊ ဥတု၊ ဗီဇ၊ ကမ္မ တရားတို့ကသာ မြဲလေသည်ဟု ဟောကြားခဲ့ကြခြင်းပင်ဖြစ်သည်။

 

တနည်းဆိုရပြန်သော်၊ ဘယ်သူမပြု မိမိမင၊ ငါယခုဖြစ်ရသော ဘဝသည်ပင် ကံ၊ကမ္မ=ပြုလုပ်မှု၊ သို့မဟုတ် စေတနာ (ပြုလုပ်ခြင်းကြောင့်ဖြစ်သည်) အကျိုးဆက်ကြောင့်ပင် ဖြစ်သောကြောင့် ငါကားမမြဲ၊ အနိစ္စ၊  ကံကား နိစ္စနိယာမ ဖြစ်၏။ ထို့ကြောင့် ကမ္မနိယာမဟု ခေါ်ရ၏ဟု ဟောရခြင်းပင် မဟုတ်ပါလော။

 

 

 

ခရစ်ယာန် တရားတော်အကြောင်း။

 

       တရားသည် ဘုရားမှဖြစ်ကြောင်း။ ဗုဒ္ဓနိယာမက ဆိုနှင့်ပြီးသောကြောင့် ဓမ္မနိယာမ ရှိကြောင်း။ ဗုဒ္ဓနိယာမ ရှိသော ဘုရားကဟောမှ ၊ ဆုံးမမှ တရားဖြစ်ကြောင်းပင်တည်း။ သို့ကြောင့်တရားကို နှုတ်ကပါတ်တော်ဟု ခေါ်ရခြင်းပင်ဖြစ်သည်။ နှုတ်ကပါတ်တော်ဆိုသော စကားလည်း သေချာစွာ အရင်းအမြစ်ကို ကြည့်ပါက။ မုခပါဒပုဒါ မှ လာသောကြောင့်ဝိဂြိုလ်ပြုကြည့်ပါစို့။

              မုခ၊ နှုတ်။ ပါဒ၊ ပုဒ်။ နှုတ်မှထွက်သော ပုဒ်ပိုဒ်စကားများဖြစ်သည်။

       လူသားအားလုံးအတွက် ဘုရားမြတ်ရှင်တော်ပေးတော်မူသော နှုတ်ကပါတ်တော် သမ္မာကျမ်းစာ၌ကြည့်ပါက....

ဆာလံ ၁၁၉ နှင့် ၁၉ နှစ်ခဏ်း သည် နှုတ်ကပါတ်တော်တည်းဟူသော တရားတော်၏ ဂုဏ်ပုဒ်များကို ထုတ်ပြသော အခဏ်းဖြစ်သည်။

       ၁။ ထာဝရ ဘုရား၏ တရားတော်သည် စုံလင်သည်ဖြစ်၍၊ စိတ်၊ ဝိညာဉ်ကိုပြုပြင်တတ်၏။

       ၂။ ထာဝရ ဘုရား၏ သက်သေခံတော်မူချက်တို့သည် ဟုတ်မှန်သည်ဖြစ်၍၊ မလိမ္မာသောသူကို လိမ္မာစေတတ်၏။

       ၃။ ထာဝရ ဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍၊ စိတ်နှုလုံးကို ရွှင်လန်းစေတတ်၏။

       ၄။ ထာဝရ ဘုရား၏ ပညတ်တော်တို့သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကိုရှင်းလင်းစေတတ်၏။

       ၅။ ထာဝရ ဘုရားကို ကြောက်ရွှံ ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍၊ ကာလ အစဉ်အမြဲတည်၏။

       ၆။ ထာဝရ ဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။

       ၇။ ရွှေထက်မကများစွာသော ရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၏။ ပျားရည်ထက် မက၊ ပျားလပို့ထက်ချိုကြ။

 

မှတ်ရန်။ ။ ထိုသို့ ဘုရားသခင်ပေးသော တရားတော်သည် ပညတ်တရား၊ ကျေးဇူးတရားဟူ၍နှစ်ပါးရှိ၏။ ပညာတ်တရားတော်သည် ကျေးဇူးတရားအားဖြင့်သာ စုံလင်ခြင်းသို့ရောက်ကြောင်း။ ခရစ်တော်ဘုရားက မဿဲ ၅း၁၇ ၌၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်၊ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။ တဖန် ရောမဩဝါဒစာစောင်၌ ပညတ်တရားသည် ခရစ်တော်အားဖြင့် ပြည့်စုံခြင်းရှိ၏ဟု လာပြန်၏။ ထို့ကြောင့် ပညာတ်တရားသည် ကျေးဇူးတရားအားဖြင့် စုံလင်စေကြေင်းထင်ရှား၏။

      


 

0 comments:

Post a Comment