Saturday, January 30, 2010
ကံတရားအကြောင်း။
ကံတရားအကြောင်း။
       ဗုဒ္ဓသာသနာ၏ မူလ တရားအရင်းမှာကား၊ ကံ၊ ကံ၏ အကျိုးကိုသာ ယုံကြည်ခြင်းဖြစ်လေသည်။ ကျမ်းစကားမှာ။
ဂဗ္ဘမေကေဥပ္ပဇ္ဇန္တိ၊ နိရိယံပါပကမ္မိနော၊ သဂ္ဂံသုဂတိနောယန္တိ၊ ပရိနိဗ္ဗာန္တိအနာသဝေါ။ ။ဓမ္မပဒပါဠိတော်။ ။ အနက်ကား။ ဧက၊ အချို့သောသူတို့သည်။ ဂဗ္ဘံ၊ အမိဝမ်းတွင်း၌။ ဥပ္ပဇ္ဇံတိ၊ ဖြစ်ကုန်၏။ ပါပကမ္မိနော၊ မကောင်းမှုရှိသော သူတို့သည်။ နိရိယံ၊ ငရဲ၌။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ သုဂတိနော၊ ကောင်းသောပညာရှိတို့သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ယန္တိ၊ ရောက်ကုန်၏။ အနာသဝေါ၊ အာသဝေါ ကင်းသော ပုဂ္ဂိုလ်တို့သည်။ ပရိနိဗ္ဗာန္တိ၊ ပရိနိဗ္ဗာန် စံတော်မူကုန်၏။
          ဤဒေသနာတော်ကား။ ကံတရားသာလျှင် လူတို့၏ ကောင်းဆိုး ယုတ်မြတ်တို့ကို ဖြစ်စေကြောင်းဖေါ်ပြ၏။ ၄င်းပါဠိတော်နှင့် လျှော်ညီစွာ၊ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်၊ ဥပရိပဏ္ဏာသပါဠိတော် အစရှိသည်တို့၌ ကံတရားကို ညွတ်ကြားဟောပြော အပ်သော ကမ္မသကာ ဒေသနာတော် လာရှိသည့်အတိုင်း၊ မကောင်းသော အကုသိုလ် ဒုစရိုက်ကိုပြုလျှင်၊ မကောင်းသော အကုသိုလ်ကံဖြစ်သည်။ ထိုအကုသိုလ်ကံသည် အပါယ်လေးပါးကို ချ၍၊ ဆင်းရဲကို ဖြစ်စေတတ်သည်။ ကောင်းသော ကုသိုလ်သုစရိုက်ကိုပြုလျှင်၊ ကောင်းသော ကုသိုလ်ကံဖြစ်သည်။ ထိုကုသိုလ်ကံသည် ကောင်းသော သုဂတိဘုံ ဘဝသို့ပို့၍ ချမ်းသားသုခကို ဖြစ်စေတတ်၏။ သတ္တဝါတို့ လောက၌၊ အယုတ်အမြတ်၊ အထူးထူး အထွေထွေ ဖြစ်ပေါ်လာရခြင်းသည်၊ ကံသာ ပြုပြင် စီရင်ဖန်ဆင်းရာ ဖြစ်သည်ဟု၊ သုဘလုင်အား ၊ဥပရိပဏ္ဏာသပါဠိတော် စူဠကမ္မဝိဘင်္ဂသုတ်၌ အောက်ပါစကားအတိုင်း ဟောတော်မူ၏။ ဟောနည်းကား၊ ရှေ့ဘဝက သူ့အသက်ကို သတ်မိ၍၊ ယခုဘဝ၌ အသက်တိုရခြင်း။ သူ့အသက်ကို မသတ်ဘဲ ရှောင်ကြဉ်ခဲ့၍၊  အသက်ရှည်ရခြင်း။ သူတပါးကို မသနား မညှာတာ ရိုက်ခတ်ညှဉ်းဆဲခဲ့ဘူးသောကြောင့်၊ အနာရောဂါများရခြင်း။ နောက်ဘဝက သူတပါးတို့အား သနားညှာတာ မေတ္တာသက်ဝင် ချစ်ခင်သနားခြင်း ကရုဏာကံတို့ကြောင့်၊ အနာရောဂါ ကင်းရှင်းရခြင်း။ လူအချို့တို့သည် နောက်ဘဝက ဒေါသအမျက်ထွက်၍ စိတ်ဆိုးလေ့ရှိလေ၏။ သည့်ခံလေ့မရှိ၊ ထို့ကြောင့် အဆင်းသဏ္ဌာန် အရုပ်ဆိုးကုန်၏။  အမျက်မရှိ ဒေါသကင်းမဲ့ သည်းခံတတ်ကုန်၏၊ ထိုသူတို့သည် အဆင်းသဏ္ဌာန် လှကုန်၏။ သူတပါးတို့၏ ပူဇော်သက္ကာရ လာဘ်လာဘတို့ကို ငြူစူ စောင်းမြောင်း မကောင်းသော ဣဿာပြုလေ့ရှိကုန်၏။ ထို့ကြောင့် ယခုဘဝတွင် ဘုန်းစည်းစိမ်နည်း၍၊ လူတချို့တို့က ထိုကိစ္စတို့တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်၏၊ ထိုအကျိုးဆက်ကြော့်ပင် နတ်ပြည်၌ဖြစ်ကြ၏။ ထိုနည်းတူ ဥစ္စာနည်းခြင်း၊ များခြင်း၊ အမျိုးမြတ်ခြင်း၊ ယုတ်ခြင်း၊ ပညာရှိခြင်း၊ မရှိခြင်းဟူသမျတို့သည် မိမိတို့ကံကြောင့်သာ ဖြစ်ရကုန်၏။ ကံသည် အထူးထူးအပြားပြားဖြစ်ကုန်၏၊ ကံသာ ပြုပြင်ဖန်ဆင်းကုန်သည်ဟု သုဘ အမည်ရှိသော ပုဏ္ဏားလုလင်ကို ဟောတော်မူ၏။
မှတ်ရန်။ ။ ( ၁ )
        အထက်ဖေါ်ပြသော ကမ္မသကာ တရားသည်၊ ယခုပစ္စက္ခ မျက်မြင်နှင့် ဆုံးဖြတ်သော တရားဖြစ်၏။ ယခု လူ့အသက်ကို သောသူများမှာ၊ ချက်ခြင်း လတ်လတ် လောလောကြိုးပေးခံရ၏။ သို့ဖြစ်လျှင် အသက်သတ်၍ အသက်တိုသည်မည်၏။
       အတိတ်ဘဝ၊ တကြိမ်တခါမှ သတ္တဝါမဖြစ်သေးသော၊ လက်မွတ်မဆွ၊ တစ်နံပါတ် သတ္တဝါမှာ၊ မည်သည့်ကံကြောင့် ဖြစ်လာသနည်း။ အကုသိုလ်၊ ကိုသိုလ်လည်း မပြုရသေး၊ လောက၌ သတ္တဝါဟူ၍ တခါမှ မဖြစ်ရသေးသဖြင့်၊ မည်သို့သော ကံက စီမံပါသနည်း။
       တဖန်၊ ကံဟူသော စကားသည်၊ ကမ္မ၊ ပုဒ်ကလာသော စကားဖြစ်၏။ ကမ္မံ ကရောတီတိ ကံ။ ။ကမ္မံ၊ အမှုကို။ ကရောတိ၊ ပြု၏။ဣတိတသ္မာ၊ ထို့ကြောင့်။ ကမ္မံ၊ ကံမည်၏။ ။ အဓိပ္ပါယ်ကား။ ကိုယ်ပြုသော အမှုကိုပင် ကိုယ်ကံမည်၏။ ထိုသို့ ကိုယ်ကာယပြု၍၊ ကံကိုဖြစ်စေသော ဥပဒေသ တရားကား၊ ကုသလကမ္မပထတရား ဆယ်ပါး၊ အကုသလကမ္မပထတရားဆယ်ပါး၊ ၄င်းတို့ပြုလုပ်၊ ကျူးလွန်မှသာ၊ ကံမြောက်လေသည်။ ဆင်ခြင်ရန်မှာကား၊ အိန္ဒိယ ရာဇသတ် ဥပဒေစာအုပ်၌ ပုဒ်မများစွာ ရှိ၏။ သို့သော် တစုံတယောက်သောသူသည် မကျူးလွန်သမျှ။ ထိုဥပဒေက အပြစ်ပေးမည်မဟုတ်။ အကယ်၍ ပုဒ်မ တခုတည်းဟူသော လု့အသက်သတ်ခြင်းကို ကျူးလွန်ခဲ့သော်၊ ထိုသူ၌ လူသတ်သော ပါဏာတိပါတကံဖြစ်၏။ သို့သော်လည်း ၄င်းအိန္ဒိယ ရာဇသတ်ကြီးက၊ ထိုသူကို ကြိုးပေးလိမ့်မည်မဟုတ်။ ၄င်းရာဇသတ်၏ အရှင် ဘုရင်မင်းမြတ်ကသာ၊ ၄င်းသူအမှုနှင့် လျှော်စွာ တရားစီရင်၍ အကျိုးနှင့် အပြစ်ကို ဆပ်ပေးတော် မူလိမ့်မည် မဟုတ်ပါလော။ ထို့ကြောင့် အိုးကုန်းစာ၌၊ အကုသိုလ်ပိုင်၊ ကုသိုလ်ပိုင်၊ ပေးနိုင်သောဘုရား မရှိလားဟု မေးခွန်းထုတ်လေသည်။
မှတ်ရန်။ ။ ( ၂ )
မှတ်ရန်။ ။ ( ၃ )
       တနည်း။ မိလိန္ဒမင်းကြီးက၊ ရှင်နာဂသိန်အား၊ အရှင်ဘုရား အဘယ်တရားသည် ကံကြောင့်ဖြစ်ပါသနည်းဟု မေးလျှောက်ရာ၊ စိတ်၊ ဝိညာဉ် ရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် ကံကြောင့်ဖြစ်ကုန်၏ဟု ဖြေ၏။ ။ မှန်ပေ၏၊ စိတ်ရှိမှသာ ကောင်းဆိုး ယုတ်မြတ် ပြုနိုင်၏။ စိတ်မရှိခင် မပြုနိုင်။ သို့အတွက် ကံတရားသည် စိတ်ဝိညာဉ်ရှိပြီးသော လူသတ္တဝါတို့ကို မှီ၍ ဖြစ်သောတရားဖြစ်ပေ၏။ မိလိန္ဒပညှာ၊ ဟံသာဝတီတိုက်ထုတ်၊ စာမျက်နှာ ၄၄၃ တွင်ကြည့်ပါလေ။
မှတ်ရန်။ ။ ( ၄ )
              တနည်း၊ ဧက၊ ကရဏ ဒိဌိ။ သဗ္ဗပုပ္ပကတ ဟေတုက ဒိဌိ ဖြစ်မည်။
       ဣဓဧကစ္စေသမဏောဝါ၊ ဗြဟ္မဏောဝါ၊ ဧဝံဝါဒီဟောတိ ဧဝံဒိဌိ။ ယံ ကိစ္စာ ယံ ပုရိသပုဂ္ဂလော ပဋိသံဝေဒေတိ၊ သုခံဝါ၊ ဒုက္ခံဝါ၊ အဒုက္ခ မသုခံဝါ။ သဗ္ဗန္တံပုပ္ပေကတ ဟေတုကဒိဌိ။ ပဏ္ဏာသပါဠိတော်။ ။အဘိဓမ္မာ ဝိဘင်းပါဠိတော်။
       ဣဓလောကေ၊ ဤ လောက၌၊ ဧကစ္စော၊ အချို့သော။ သာမဏဝါ၊ ရဟန်းတို့သည်၎င်း။ ဗြဟ္မစေဏာဝါ၊ ပုဏ္ဏာတို့သည်၎င်း။ ဧဝံဝါဒီ၊ ဤသို့ဆိုလေရှိသည်။ ဧဝံဒိဌိ၊ ဤသို့မှားသော အယူရှိသည်။ ဟောတိ၊ဖြစ်၏။ ယထာ၊ ထိုယူပုံကား။ ပူရိသပုဂ္ဂလော၊ ပုရိသပုဂ္ဂလဟု ဆိုရသော။ အယံ၊ ဤသတ္တဝါ ကောင်သည်။ သုခံဝါ၊ သုခလည်းဖြစ်သော။ဒုက္ခဝါ၊ ဒုက္ခလည်းဖြစ်သော။ ယံကိဉ္စိ၊ အလုံးစုံသော ဝေဒနာမျိုးတို့ကို။ ပဋိသံဝေတိ၊ ခံစားရ၏။ သဗ္ဗံ၊ အလုံးစုံသော ဝေဒနာမျိုးတို့ကို၊ ပုဗ္ဗကတဟေတု၊ ရှေး၌ပြုဘူးသော ကံကြောင့်သာလျှင်။ ပဋိသံဝေဒေတိ၊ ခံစားရ၏။ဣတိ၊ ဤသို့။ ဝါဒီ၊ ဆိုလေ့ရှိသည်။ ဒိဌိ၊ မှားသော အယူရှိသည်။ ဟောတိ၊ဖြစ်၏။
မှတ်ရန်။ ။ ( ၅ ) ဧက ကရဏဒိဌိဖြစ်ပုံ။
              အပ္ပံကမ္မဝါပါကံ၊ ဗဟုတရံအဝသေသံ၊ တတ္တဗာလံ သမ္မံကမ္မဝါပါကံ ယေဝါတိ၊ အတိဓါဝန္တိ။ ။မိလိန္ဒပညှာပါဠိတော်။ ။ ဤအကြောင်းကို၊ ဟံသာဝတီတိုက်မှ ၁၉၀၂ ခုနှစ်မှထုတ်ဝေသည်၊ စာမျက်နှာ ၁၀၇-၁၂၇တို့တွင်ကြည့်နိုင်လေသည်။
       ကမ္မဝိပါကံ၊ ကံ၏အကျိုးသည်။ အပ္ပံ၊ အနည်းငယ်သာတည်း။ အဝသေသံ၊ြွကင်းသော ကံတပါးသော မလိမ္မာခြင်း အကြောင်းကြောင့်ဖြစ်သော၊ သုခ၊ ဒုက္ခ အမျိုးမျိုးကို၎င်း၊ ကောင်းကျိုး မကောင်းကျိုးကိုတို့သည်။ ဗဟုတရံ၊ အလွန်များ၏။ တတ္တ၊ ထိုသို့ဖြစ်ရာ။ ဗာလာ၊ လူပြိန်းတို့သည်။ သဗ္ဗံ၊ အလုံးစုံ ကောင်းကျိုး မကောင်းကျိုးဝေဒနာမျိုးတို့သည်။ ကမ္မဝိပါကံယေဝ၊ ကံ၏ အကျိုးတို့သာတည်း။ ဣတိ၊ ဤသို့။ အတိဓါဝန္တ၊ အမှန်သဘော ဘုရားဟောကို လွန်၍ပြောကုန်၏။ ။ မှန်ပေ၏၊ အနာရောဂါ ရှစ်မျိုးပြရာ၊ ကံကြောင့်တပါးသာပါ၏။ အသက်ရှင်ခြင်း အကြောင်းတရားလေးပါးပြရာ၊ ကံကြောင့် တပါးသာပါ၏။ ။ပဌာန်း ပါဠိတော်၌ အကြောင်းတရား ၂၄ ပစ္စည်းပြရာ၊ ကမ္မပစ္စည်း တပါးသာပါ၏။
       ထို့ကြောင့်၊ ဝိသုဒ္ဓိမဂ် အဌကထာ၌ အနေကေဟိပနကာရေနေဟိ အနေကမေဝဟောတိ။ ။ပပ၊ စင်စစ်သော်ကား။ အနေကေဟိ၊ များစွာသောအကြောင်းတို့ကြောင့်။ အနေကမေဝ၊ အကျိုးများသည်သာလျှင်။ ဟောတိ၊ဖြစ်၏။ ။လူမတန် ကံချ ဟူသကဲ့သို့၊ ကံကိုသာ ရိုးမနေနှင့် သို့မဟုတ်ပါက မျက်မှောက် ဘုရားတရားကို ရှိဖွေဆည်းကပ်ရန် အခွင့်ထူးကို ရရှိထားသော်လည်း ဘုရားနှင့်လွဲ၍ ဘဝနောင်ရေးလည်းမွဲကာ ဧကကရဏဒိဌိ အဖြစ်သို့ရောက်ကုန်ပေလိမ့်မည်ဖြစ်ကြောင်း မေတ္တရှေ့ထား ရေးသားဖေါ်ပြလိုက်ရပေသည်။
0 comments:
Post a Comment