ဂ။ ကမ္ဘာဦးသူတို့ အလင်းကိုတောင့်တ၍ရခြင်း။
တေသံ၊ စိန္တယန္တာနံပုညံ၊ ဗလေနဖဂ္ဂုဏ၊ပုဏ္ဏမိယံသူရိယ၊ မဏ္ဍလံဥပ္ပဇ္ဇတိ။ ။ဤသို့ ကျမ်းလာရကား၊ ကမ္ဘာဦးသူတို့သည် မိမိတို့ ကိုယ်ရောက်ကိုယ်ဝါ တန်ခိုးကွယ်ပျောက်ကုန်သော်၊ ယခုအခါ ဘယ်သို့လျှင် အလင်းကိုရပါအံ့နည်းဟု ကြံကုန်တောင့်တကုန်သည်ရှိသော်၊ သူတို့၏ အာနုဘော်၊ အစွမ်းအားဖြင့်၊ တပေါင်းလပြည့်နေ့၌၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိသော နေဗိမာန်သည် ပေါ်လာ၍၊ အလင်းဟူသော အရောက်ကို ရပြန်လေသတည်း။ ထိုအခါ ကမ္ဘာဦးသူတို့က ဤဗိမာန်ကြီးသည် ငါတို့အားရဲရင့်ခြင်းကို ဖြစ်စေလျှက် ပေါ်လာလေသည်။ ထို့ကြောင့်၊ သူရိယဟု တွင်စေသတည်းဟူ၍ နေဗိမာန်ကို သူရိယဟု အမည်မှည့်ခေါ်ကြကုန်၏။ ထိုနေဗိမာန်သည် တနေ့လုံး ထွန်းလင်းလျှက်၊ အနောက်သို့ဝင်၍ ကွယ်ပြန်လေလျှင် မှောက်မိုက်အတိဖြစ်ပြန်လေ၍၊ ကြောက်ရွံ့ခြင်းသို့ရောက်ပြန်လျှက်၊ ငါတို့အား တပါးသော အရောင်အလင်းကို ရသော် ကောင်းလေစွဟုကြံတောင့်တသောခဏ၌၊ လုံးဝန်း ၁၄၇ ယူဇနာ၊ အဝန်းရှိသော လဗိမာန်သည် နက္ခက်တာရာ အပေါင်းတို့နှင့်တကွပေါ်လာပြန်၍၊ ကမ္ဘာဦးသူတို့က၊ ဤလဗိမာန်ကြီးသည်၊ ငါတို့အလိုကို သိဘိသကဲ့သို့ ပေါ်လာလေ၏။ ထို့ကြောင့် ၄င်းဆန္ဒ( စန္ဒ)ဟူ၍ ခေါ်ဝေါ်ကြကုန်၏။ ထိုမှစ၍၊ နေ့ညဥ့်၊ ပက္ခလ၊ ဥတု၊နှစ်၊တို့သည် ထင်ရှားဖြစ်ကုန်၏။
မှတ်ရန်။ ။ပါဠိတော်၌၊ သယံပတာ၊ မိမိတို့ ကိုယ်ရောင်သည်၊ အန္တရဟိတာရ၊ ကွယ်သည်ရှိသော်၊ စန္ဒိမသူရိယာ၊ နေလတို့သည်။ ပါတုရဟေသုံ၊ ထင်ရှားဖြစ်လေကုန်၏ဟု လာ၏။ အဌကထာ၊ဋီကာတို့၌သာ၊ ကမ္ဘာဦးလူတို့တောင့်တ၍ ပေါ်လာသည်ဖြစ်စေ၊ ကမ္ဘာဦးသူတို့ အလိုဆန္ဒကို သိသောပုဂ္ဂိုလ်တဦးဦးရှိရမည်။ တပါးသောပုဂ္ဂိုလ်၏ စိတ်အကြံအလိုဆန္ဒကို သိသောဥာဏ်ကား၊ ပရမတ္တဝိဇာနနဥာဏ်၊ အသာနုသယဥာဏ်တို့နှင့်ပြည့်စုံမှ သိနိုင်မည်။ ထိုဥာဏ်နှစ်ပါးလည်း၊ ဘုရားတို့၏ ဂုဏ်ပုဒ်ပင်ဖြစ်၍၊ ဘုရားက ထုတ်ပေးသည်ဟုမှတ်ရမည်။
တနည်း။ ။ လောကဓါတ်ပညာ၊ ဓမ္မတာသဘောအားဖြင့်၊ နေသည် ဤမြေကြီးသို့၊ အလင်းနှင့် အပူကိုပေးလျှက်ရှိ၏။ နေနှင့်ဝေးကွာသောတောင်ဝင်ရိုးဖျား၊ မြောက်ဝင်ရိုးဖျားတို့တွင်ပင် အလွန်အေးသဖြင့် အသက်ရှင်သော သတ္တဝါတို့ မနေနိုင်ခဲ့သည်မှန်လျှင်၊ ဤလောကကမ္ဘာမှာ နေမရှိခဲ့သော်၊ ဘယ်သို့ လူမှစ၍၊ အသက်ရှင်သော သတ္တဝါတို့ ရှိနိုင်ပါမည်နည်း။ ကမ္ဘာဦးသူတို့သည်၊ နေ၊လ မပေါ်မီရှိနှင့်ခြင်းကား၊ အလွန်အံဩဘွယ်ကောင်းလေစွတကား။ ဤနေရာတွင် အချို့သောသူများက ဘုရားရှင်၏ ဖန်ဆင်းခြင်းတွင် လူအားဖန်ဆင်းရာ၌ အခြေအမြစ်မရှိဟုဆိုသောသူတို့အတွက် ဤနေရာမှ လူတို့ဖြစ်တည်ခြင်းကား သာ၍ပင် စဉ်းစားခြင့်ချိန်စရာပင်ဖြစ်လေတော့သတည်း။
ခရစ်ယာန်။ ။တဖန် ဘုရားသခင်က၊ နေ့နှင့်ညဥ့်ကို ပိုင်းခြားစေခြင်းငှါ၊ မိုးကောင်းကင် မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ ချိန်းချက်သော အချိန်နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားတို့ဖြစ်စေ၊ မိုးကောင်းကင်မျက်နှာကြက်၌တည်၍၊ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု မိန့်တော်မူသည် အတိုင်းဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည်၊ အလင်းအိမ်ကြီးနှစ်လုံး တည်းဟူသော နေ့ကို အုပ်စိုးရသော အကြီးတလုံး၊ ညဥ့်ကိုအုပ်စိုးရသော အငယ်တလုံးနှင့်တကွ၊ ကြယ်များကို ဖန်ဆင်းတော်မူလျှင်၊ မြေကြီး၌လင်းစေခြင်းငှါ၎င်း၊ နေ့နှင့်ညဥ့်ကို အုပ်စိုး၍၊ အလင်းနှင့် မှောက်မိုက်ကို ပိုင်းခြားစေခြင်းငှါ၎င်း၊ မိုးကောင်းကင် မျက်နှာကြက်၌ ဘုရားသခင်ထားတော်မူ၏။ ကမ္ဘာဦး ၁း၁၄-၂၈၌ လာသည့်အတိုင်း၊ ဘုရားသခင် ဖန်ဆင်း၍ထားတော်မူသောကြောင့် ဖြစ်လေ၏။
0 comments:
Post a Comment