ကံတရားအကြောင်းအဆက်။
ကံတရားသည် ဗုဒ္ဓဘာသာ အယူ၌၊ မူလ အရင်းဖြစ်ကြောင်း ကံကိုသာ ယုံကြည်ကိုးစားရမည် အကြောင်းကို အထက်က ပြခဲ့ပြီးသည့်အတိုင်း။ ၄င်းကံကို ဖြစ်စေသော တရားကိုကား။ အကုသလကမ္မပထ တရားဆယ်ပါး။ အကုသိုလ်ကို ဖြစ်မြောက်စေသော တရားဟူလို။ ကုသလကမ္မပထ တရား ဆယ်ပါး။ ကုသိုလ်ကို ထမြောက်စေသော တရားဟူလို။ ထိုတရားနှစ်ပါးတို့သည်၊ လွယ်၍၊ လူတိုင်း သိသင့် သိထိုက်သော်လည်း၊ မသိသော သူများလည်း ရှိလိမ့်ဦးမည်ဖြစ်၍၊ မသိသောသူများအဘို့ ရေတွက်၍ ပြလိုက်ပါဦးမည်။
က။ အကုသိုလ်ကံဆယ်ပါး။
၁။ ပါဏာတိပါတ - သူ့အသက်ကိုသတ်ခြင်း။
၂။ အဒိန္နာဒါန - သူ့ဥစ္စာကိုခိုးခြင်း။
၃။ ကာမေသုမိစ္ဆာစာရ - သူ့မယားကိုပြစ်မှားခြင်း။
၎င်းကံသုံတို့သည် ကိုယ်နှင့်သာ များသောအားဖြင့် ပြစ်မှားသော ကံကြောင့်သာကံမည်၏။
၎။ မုသာဝါဒ - မမှန်သည်ကို အမှန်ပြောခြင်း။
၅။ ပိသုဏဝါစာ - ချောပစ်သောစကား။( ကုံးတိုက်သောစကား)။
၆။ ဖရုသဝါစာ - ကြမ်းကြုတ်ယုတ်မာသော စကာကိုဆိုခြင်း။
၇။ သပ္ဇပ္ပလာပဝါစာ - ကျေးဇူးမဲ့သောစကားကို ဆိုခြင်း။
၎င်းတရား လေးပါးတို့တွင်သည် နှုတ်အားဖြင့် လွန်ကျူး တတ်သောကြောင့် ဝစီကံ မည်၏။
၈။ အဘိဇ္ဈာ - သူ့စည်းစိမ်ကို ရှေ့ရှုသော အားဖြင့် ကြံတတ်သော လောဘ။
၉။ ဗျာပါဒ - စီးပွား ချမ်းသာကို ဖျက်ဆီးလိုသော ဒေါသ။
၁၀။ မိစ္ဆာဒိဌိ - ဖေါက်ပြန်သော အားဖြင့် အယူမှားသော မောဟ။
ဤတရားသုံးပါးတို့သည်၊ စိတ်အားဖြင့်သာ ပြစ်မှားသောကြောင့် မနောကံမည်၏။
မှတ်ရန်။ ။ ၄င်းဆယ်ပါးတို့တွင် နောက်ဆုံးဖြစ်သော မိစ္ဆာဒိဌိ ကံသည်၊ အကြီးလေးဆုံးဖြစ်၍၊ ရှောင်ကြဉ်အပ်၊ ကြောက်အပ်သော ကံကြီးဖြစ်သည်။ ၄င်းကံမှာ၊ ကမ္ဘာသစ်ငတ်၊ စုန်းစုန်းမြုပ်သည်၊ ဆိုသဖြင့် မိစ္ဆာမဖြစ်ရန် များစွာ သတိထားရမည်။ ပိဋကတ်၌ ၄င်းမိစ္ဆာဒိဌိ ကံမှာ၊ သက္ကာယ ၂၀ ပင်ဖြစ်ကြောင်းကို ဘော်ပြသည်။ သက္ကာယ ဆိုသော် ခန္ဓာငါးပါးတွင်၊ တပါးပါး၌၊ လေးပါး လေးပါးပြား၍ ငါစွဲလန်းခြင်းပင် ဖြစ်၏။
တနည်းကား၊ ၄င်းမိစ္ဆာဒိဌိသည်၊ ငါ၏ကံ၊ ငါ၏ဥာဏ်၊ ငါ၏ကိုသိုလ်ဟု စွဲလန်းခြင်းပင်ဖြစ်သည်၊ ဘုရားရှင်နှင့် ကင်းကွာကင်းလွတ်၍၊ ဘုရားကျေးဇူးမဲ့သောကြောင့်၊ အကြီဆုံးသော မိစ္ဆာဒိဌိပင်ဖြစ်သည်။ ။ ဗုဒ္ဓဿအဝဏ္ဏံဘာသတိ။ ဗုဒ္ဓဿ၊မြတ်စွာဘုရားသခင်၏၊အဝဏ္ဏံ၊ ကျေးဇူးမဲ့သော စကားကို။ဘာသတိ၊ ပြောဆို၏။ တဖန် ထိုမြတ်စွာဘုရားရှင်၏ တရားတော်အားလည်း၊ ဓမ္မဿ၊ တရားတော်မြတ်အား။ အဝဏ္ဏံ၊ ကျေးဇူးမဲ့စကားကို။ ဘာသတိ၊ ပြောဆို၏။"ဘုရားကျေးဇူး၊ အထူးသိက၊ ကျွတ်တန်းရ"
"ကျေးဇူးနက်နက်၊ အချက်ချက်ကြောင့်၊ ရွှေလက်ထုတ်ဘော်၊ ဧဟိခေါ်" ဟု ရှင်မဟာသီလဝံသမထေရ် စပ်တော်မူလေသဖြင့်၊ မိမိတို့၏ဥာဏ်၊ ကံကို အားမကိုးဘဲ ၊ ဘုရားသခင်၏ဥာဏ်တော်၊ ဘုရားသခင်၏ ကုသိုလ်တော်ကို အမှီပြုကြပါကုန်လေ။
ခ။ ကုသိုလ်ကံဆယ်ပါး။
၁။ ဒါန - အလှူပေးခြင်း။
၂။ သီလ - ငါးပါး၊ ဆယ်ပါး စသည်ဖြင့် စောင့်ရှောက်ခြင်း။
၃။ ဘာဝနာ - ကမ္မဌာန်းစီးဖြန်ခြင်း။
၎။ ပစာယန - အရွယ်ကြီးသူ၊ ဂုဏ်ကြီးသူကို ရိုသေခြင်း။
၅။ ဝေယာဝစ္စ - အသက်ကြီးသူ၊ ဂုဏ်ကြီးသူတို့၏ အမှုကိုဆောင်ရွက်ခြင်း။
၆။ ပတ္တိဒါန - မိမိကောင်းမှုကို သူတပါးတို့အား ပေးဝေခြင်း။
၇။ ပတ္တနုမောဒနာ - သူတပါးအလှူကို ဝမ်းမြောက်ခြင်း။
၈။ ဓမ္မသဝန - တရားကိုနာခြင်း။
၉။ ဓမ္မဒေသနာ - တရားကိုဟောခြင်း။
၁၀။ ဒိဌိဇုကမ္မ - အယူကိုဖြောင့်မတ်စွာယူခြင်း။
မှတ်ရန်။ ။ ဤကိုသိုလ်ကံ ဆယ်ပါးတို့တွင်၊ နံပါတ် ( ၁၀ ) ၌ပါသော ဒိဌိဇုကမ္မ ဟူသည်ကား၊ သမ္မာဒိဌိပင်ဖြစ်သည်။ သမ္မာဒိဌိ နှစ်ပါးရှိရာ၊ မဂ္ဂင်တရား ရှစ်ပါး၌ ( ၁ ) နံပါတ် သမ္မာဒိဌိဟူ၍ တပါးပါရှိလေ၏။ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်မြင်မှသာ၊ ဖြောင့်မတ်သော အယူဖြစ်ချေမည်။ ဥပမာဆိုရပါက စိတ်ထားတတ်ကမြတ်သည် ဆိုသော စကားအတိုင်း၊ ဘူးသီးကို ဖရဲသီးထင်မှတ်၍၊ စိတ်ထဲက ဖရဲသီးပါဘဲဟု အောက်မေ့လျှက်၊ အစိမ်းခွဲ၍စားက၊ ချိုလိမ့်မည်မဟုတ်၊ စိတ်ထားတတ်သည် မမည်။ ဘူးသီးကို၊ ဘူးသီးဟု စိတ်ထားတတ်မှ၊ သင့်ရာချက်ပြုတ် ကြော်လှော်စားက၊ အရာသာရှိလိမ့်မည်။ ထိုနည်းတူ၊ တရားသဘော၌ မှန်ရာကို မှန်ရာအဖြစ်ယူမှသာ သမ္မဒိဌိဖြစ်လိမ့်မည်။ အကုသိုလ်ကံဆယ်ပါး မှတ်ချက်၌ ပြခဲ့သည့်အတိုင်း ခန္ဓာငါးပါးကို၊ ငါဟုမစွဲ၊ ငါ့ကံ၊ ငါ့ဥာဏ်၊ ငါ့ကုသိုလ်ဟု မစွဲမယူရသည်သာမက၊ အတုလံ၊ အတုမရှိသော။ အစိန္တေယျ၊ အနုတ္တရ၊ သေဌ၊ ဇေဌ၊ဖြစ်တော်မူသော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးနှင့်၊ လူနတ်ဗြဟ္မာ သုံးဆယ့်တဘုံအတွင်း ဓမ္မတာ တရားအောက်၌ ရှိလေသမျသော၊ ရူပအရာ၊ အရူပအရာ ရှိရှိသမျ ပုဂ္ဂိုလ်၊ အရာဝတ္ထုတို့ကို၊ ဘုရားဟုစွဲလန်းခြင်းသည် သမ္မာဒိဌိမှန်ကန်မြင့်မြတ်သော အယူမဖြစ်နိုင်ချေ။ မိစ္ဆာဒိဌိသို့သာ သက်ရောက်လေတော့သည်။
တနည်း။ ။ သစ္စာလေးပါးကို၊ သိသောဥာဏ်ပင် သမ္မာဒိဌိဖြစ်သည်။ သို့သော် သစ္စာလေးပါးကိုသိ၍၊ စတုသစ္စဓမ္မတို့ကို၊ ထင်ထင်မြင်တတ် သိတတ်သော သူကို ကလျာဏာ ပုထုဇဉ်ဟူ၍ ခေါ်သည်။
တနည်း။ ။ ဝိပဿနာ သမ္မာဒိဌိ ဟူသော သူတော်ကောင်းတရား ဥစ္စာခုနှစ်ပါးတို့တွင်၊ ပညာဟူသော သူတော်ကောင်းတရား တပါးကို အမှန်ရမှ၊ ထူးမြတ်သော သမ္မာဒိဌိဖြစ်နိုင်မည်။ ထို့ကြောင့် မှန်သော ပညာကို အလိုရှိပါသည်၊ မှန်သောပညာရှိသောသူသာ၊ မှန်ကန်စွာ ပိုင်းခြား၍ မှန်သောတရားအရှင် မှန်သော ဘုရားမြတ်အရှင်ကို သိနိုင်ပါလိမ့်မည်။
ခရစ်ယာန်။ ။ သင်၏ ကုသိုလ်နှင့် သင်ပြုသော အမှုကို ငါဘော်ပြမည်။ ထိုသို့သော အမှုသည် အကျိုးကို မပေးနိုင်( ဟေရှာယ ၅၇း၁၂-၁၃) ။ကုသိုလ်ကားကောင်းသော်လည်း ဘုရားမပါသောကြောင့်။ အကျွန်ုပ်တို့ရှိသမျသည် စင်ကြယ်ခြင်းမရှိ၊ ပြုဘူးသမျသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်တူကြပါ၏ ။ အကုသလံ ကုသလံ ( ဟေရှာယ ၆၄း၎)။
ကျွန်ုပ်တို့သည် ကိုယ့်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍၊ ပဌနာစကားကို ရှေ့တော်၌ ဆက်ကပ်ပါ။ ( ဒံယေလ ၉း၁၀)။ အထက်ကျမ်းချက်များအတိုင်း ခရစ်ယာန်တို့သည် ကုသလ တရားတို့ကို အားမကိုးချေ။ သို့သော် အားမကိုးသော်လည်း ခရစ်ယာန်တိုင်း၌၊ စိုက်သည့်အတိုင်း ရိက်ရမည်ဆိုသည့်အတိုင်း ဤလောကတွင် ကိုယ်ကျင့်တရား သီလများရှိပါသည်။ ထိုသီလ အကျင့်တရားလမ်းစဉ်တို့အားလုံကိုကား ဘုရားသခင်ကို ယုံကြည်ခြင်းတည်းဟူသော သဒ္ဒါစေတသိက် တလုံးအားဖြင့်၊ အကုန်ပြည့်စုံလေသည်။
0 comments:
Post a Comment