အခဏ်း ၂။
လူအကြောင်း။
လူအကြောင်းကိုပြရာဖြစ်သော ဤအခဏ်း၌ အဌကထာဋီကာနည်းများနှင့်တကွ၊ သုတ္တံပိဋကတ်၊ သုတ်ပါထေယျ ပါဠိတော်၊ အဂ္ဂညသုတ်၌ လာသည့်အတိုင်း ရေးသားပေအံ့။
က။ လူ၏အစ။
မဟာပထဝီမြေတည်ရာအရပ်၊ မနုဿလောကဓါတ် ဖြစ်လာ၍၊ ဝိဝဋ္ဋကပ်သို့ ရောက်သောအခါ၊ အာတဿရဘုံမှ စုတေ၍၊ ကာမသုဂတိဘုံသို့ပြန်ပြီးလျှင်၊ ဥပပါတ် ပဋိသန္ဓေနေ၍၊ ဥပပါတ် ပုဂ္ဂိုလ်ဖြစ်လာကြကုန်၏။ ထိုကာလ၌၊ နေ၊လတို့သည် မရှိမပေါ်ကုန်သေးသဖြင့် ခပ်သိမ်းသော ဩကာသလောကကြီးသည်၊ မှောင်မိုက်အတိရှိကုန်၏။ နေ၊လ မရှိကုန်။ ကြယ်နက္ခတ်တို့မရှိကုန်။ နေ့၊ညဟူ၍၄င်း၊ လခွဲ၊ တလဟူ၍၄င်း မရှိကုန်။ဣတ္ထိ ပုရိသ လိင်္ဂံပိနတ္ထိ၊ မိန်းမ၊ ယောင်္ကျားဟူ၍လည်း မရှိကုန်။ သတ္တဝါဟူသော ပညာတ်မျှသာ ရကုန်၏။ အာဟာရ သေဝနံပိ နတ္ထိ။ အစာအဟာရလည်း မမှီဝဲဘဲ၊ အသက် အသင်္ချေယျ ကာလပါတ်လုံးနေ၍၊ မိမိတို့ကိုယ်ရောင်ဖြင့် ထွန်းလင်းလျှက်၊ ကောင်းကင်ခရီးဖြင့် သွားလာ၍ နေကြလေ၏ဟု လာသဖြင့်၊ ဤလောက၌ ဖြစ်လာကြသော လူတို့၏ အစသည်၊ ဗြဟ္မာပြည်က စကြောင်း သိရသည်။
သုဒ္ဓါဝါသ၊ ဗြဟ္မာတံဆိပ်၊ ခပ်နှိပ်ညီစွာ၊ ဤကမ္ဘာကား၊ ဝဇီရာသန်၊ ပလ္လင်ပြန်ထက်၊ ပယ်ဟန်ငါးမာရ်၊ ကကုသန်ကုံ၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဟု၊ ရိယျမတည်း၊ ဝှန်းသည်းဖိတ်လျှပ်၊ ဗျာဒိတ်တပ်သား၊ ဘဒ္ဒကပြိုင်လွတ်၊ မိုးညွတ်မျှ၊ ဝိဝဋ်ဌာယီ၊ ပေါ်ကာပြီကား၊ ပြောင်းချီလျောပြတ်၊ ဥပပါတ်ဖြင့်၊ အာတဿရ၊ ဘုံကဗြဟ္မာ၊ လူ့ပြည်လာသော်၊ ဥပစာဈာန်၊ ဘုန်ကျိုးတန်၏၊ ငှက်ဟန်မိုးခေါင်၊ ပြိုးတပြောင်လျှင်၊ ကိုယ်ရောင်ထွန်းညိ၊ နတ်ပီတိဖြင့်၊ သက်ရှိသက်ဝင်၊ အသင်္ချေသည်၊ အရှည်အလျှား၊ ယောင်္ကျားမိန်းမ၊ နေလနက္ခတ်၊ မပြတ်မဌာန်း၊ နေ့မှန်းညဥ့်ပြိ၊ မသိမထင်၊ ကောင်းကင်တိုက်လုံး၊ အမိုက်ဖုံး၏၊ ဟူ၍ ရှေးပညာရှိတို့စပ်ဆိုကုန်သည်။
မှတ်ရန်။ ။ လူပြည်က တရားကို အားထုတ်၍၊ ကမ္မဌာန်း ဘဝနာကို စီးဖြန်းသော ကုသိုလ်ကံ အဟုန်ကြောင့်၊ ဗြဟ္မာဘုံသို့ရောက်ရသဖြင့် ဗြဟ္မာ၏အစ ဘယ်ကလဲမေးလျှင်၊ လူကဟု ဖြေလမ့်မည်။ တဖန် လူ၏အစ ဘယ်ကလဲ မေးပြန်သော်၊ ဗြဟ္မာကဟု ဖြေရမည်ဖြစ်၍၊ ဤစကားသည် ဗြဟ္မာကလူ၊ လူကဗြဟ္မာဟူ၍ နှစ်ဘက်နှစ်လမ်းရှိသောကြောင့် လူ၏အစကို မသိနိုင်။
တနည်း။ ။ အာယုက္ခ၊ အသက်တန်းစေ့၍ သေခြင်း၊ ကမ္မက္ခယ၊ ကံ၏အာနုဘော်ကုန်၍သေခြင်း။ ဥဘယက္ခ၊ အသက်တန်းစေ့၊ ကံလည်းကုန်၍သေခြင်း။ ဥပေစ္ဆဒက၊ ရုတ်တရက် လတ်လတ်လောလောသေခြင်း။ ဤသေခြင်းကား၊ ငရဲ၌၄င်း၊ ဥတ္တရကုရုကျွန်း၌၄င်း၊ နတ်ပြည်၌၄င်းမရှိဟု၊ သေခြင်းလေးပါးတွင် ပြသောကြောင့်၊ အတဿရ၊ ဗြဟ္မာအသက်မှာ ရှစ်ကမ္ဘာ၊ သုဘကိဏှာဗြဟ္မာ အသက်မှာ ၆၄ ကမ္ဘာ။ ဝေဟမ္ဖလဗြဟ္မာတို့ အသက်မှာကား ကမ္ဘာ ၅၀ဝ ဟုလာသဖြင့်၊ ပဌမကမ္ဘာလည်း မစေ့သေးသဖြင့်၊ အတဿရဘုံကလည်း မလာနိုင်သေး။ အထက်အထက်ကဘုံတို့ကလည်း မလာနိုင်သေးသောကြောင့် လူ့ဘုံ၌ လူလာဖြစ်၍ ဖြစ်ရှိသော ဥပပါတ်၊ ဗြဟ္မာတို့ကား အဘယ်ဘုံသား ဖြစ်ပါသနည်းဟု မေးရန်ရှိလေသည်။
တနည်း။ ။ တဒါစ အာတဿရ ဗြဟ္မာလောကေ ပဌမ တရာတိ နိဗ္ဗတ္တာ၊ သတ္တာအာရုက္ခယာဝါပုညက္ခယာဝါ တတောစဝိတွာ ဣဓူပပဇ္ဇန္တိ။ တဒါ၊ ထိုလူ့ပြည် တည်သောအခါ၌။ အတဿရ ဗြဟ္မာလောကေ။ အတဿရဗြဟ္မာဘုံ၌။ ပဌမတရာဘိနိဗ္ဗတ္တာ၊ ရှေးဦးစွာဖြစ်လင့်ကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ အာယုက္ခယာဝါ၊ အသက်ကုန်ခြင်းကြောင့်၎င်း။ ပုညက္ခယာဝါ၊ ကံကုန်ခြင်းကြောင့်၎င်း။ တတော၊ထိုအတဿရဘုံမှ။ စဝိတွာ၊ စုတေ၍။ ဣဓ၊ ဤလူ့ဘုံ၌။ ဥပပဗ္ဇန္တိ၊ ဖြစ်ကုန်၏ဟူ၍။ ဝိသုဒ္ဓိမဂ် အဌကထာ၊ အဘညာဉ်နိဒ္ဒေသ စာမျက်နှာ ၃ ၌ ရှင်ဗုဒ္ဓဃောသက အဓိပ္ပါယ်ဖွင့်လေသည်။ ဤလည်း ရှစ်ကမ္ဘာမြောက်မှဖြစ်နိုင်ကြောင်းတည်း။
သံယောဇဉ်----သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ယှဉ်တွဲနှောင်ဖွဲ့တတ်သော တရားဆယ်ပါး။
၁။ ကာမ သံယောဇဉ်----ကာမဂုဏ် အာရုံ၌ ဖွဲ့ယှက်ခြင်း။
၂။ ရူပ သံယောဇဉ်--- ရုပ်၌ ဖွဲ့ယှက်ခြင်း။
၃။ အရူပ သံယောဇဉ်--- ရုပ်မဲ့၌ ဖွဲ့ယှက်ခြင်း။
၎။ ပဋိဃ သံယောဇဉ်--- ရန်မီး၌ ဖွဲ့ယှက်ခြင်း။
၅။ မာန သံယောဇဉ်--- ထောင်လွားဖြင်းဖြင့် ဖွဲ့ယှက်ခြင်း။
၆။ ဒိဌိ သံယောဇဉ်--- မှားသောအာယူဖြင့် ဖွဲ့ယှက်ခြင်း။
၇။ သိလပ္ပတ္တပရမာသ --- သီလကြောင့်တွေ့ရပေသည်ဟုသိသဖြင့် ဖွဲ့ယှက်ခြင်း။
၈။ ကုက္ကုစ္စ သံယောဇဉ်---ပြန့်လွင့်ခြင်းဖြင့် ဖွဲ့ယှက်ခြင်း။
၉။ ဝိစိကိစ္စာ သံယောဇဉ်---ယုံမှားခြင်းဖြင့် ဖွဲ့ယှက်ခြင်း။
၁၀။ အဝိဇ္ဇာ သံယောဇဉ်--- မသိဖုံးလွမ်းခြင်းဖြင့် ဖွဲ့ယှက်ခြင်း။
0 comments:
Post a Comment