အဘိဓမ္မာနည်းအားဖြင့်။
ရူပနှင့် အရူပကို၊ ဘဝ၌သွင်း၍ ဣသာနှင့် မစ္ဆရိယာကိုသွင်း၍ ရေတွက်သည်။
ခရစ်ယာန်။ ။ သမ္မာကျမ်းစာ၌၊ လူအစ ဘုရားသခင်က ဖြစ်ကြောင်း။ ဘုရားသခင်သည်၊ က ၁း၂၆၊၂း၇၌ မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ လူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ လူကိုဘုရားသခင် ဖန်ဆင်းတော်မူကြောင်း။ ဖန်ဆင်းစကတည်းကပင်၊ လူသည် ဇာတိအားဖြင့်၊ ရုပ်၊ နာမ် နှစ်ပါးရှိသော သတ္တဝါဖြစ်ကြောင်း။ နာမ်သည်၊ ဘုရားသခင်ထံတော်မှ လာ၍ ရုပ်သည် မြေကဖြစ်ပါကြောင်း။ ဇာတိနှစ်ပါးရှိသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ကျမ်းသက်သေတို့ကား မဿဲ ၁၀း၂၀။ မာ ၁၄း၃၈။လု ၁၂း၂၂။တမန်တော် ၂း၂၇။ ရောမ ၂း၂၈-၂၉။ ၁ ကော ၅း၃-၅၊၆း၁၆၊ ၇း၃၄။ ၂ ကော ၇း၁။ ကောလောသဲ ၂း၅။ ဟေရှာယ ၁၂း၉။ ယာ ၂း၂၆။ ၁ ပေတရု ၂း၁၁၊၃း၁၈၊၄း၁၉ တို့တွင်ကြည့်ပါလေ။
ခ။ ကမ္ဘာဦးသူတို့ မိန်းမ၊ ယောင်္ကျားဖြစ်ခြင်း။
ကမ္ဘာဦးသူတို့သည်၊ ပီတိတည်းဟူသော အစာကိုမှီဝဲလျှက်၊ အသက်အသင်္ချေယျ လွန်ပြီးမှ၊ မြေတွင် ဟိုမှာတကွက်၊ သည်မှာတကွက် ပေါ်ထွက်သော မြေဆီကို ( ရသ ပထဝီ) တယောက်သောသူသည်၊ လက်ချောင်းဖြင့် ယူ၍စား၏။ ထိုမြေဆီသည် တသောင်းခုနှစ်ထောင်သော အကြောမတို့ကိုနှံ့၍ တည်၏။ ထိုသူ၏ အတုကို တပါးသော သူတို့လည်းလိုက်၍ပြု၏။ ထိုအခါ ဇီဝှါဝိညာဉ်သည်ဖြစ်လေ၏။ ထိုသူတို့ တပ်သောတဏှာစိတ်တို့ကြောင့်၊ မိမိတို့၏ ကိုယ်ရောင်ကိုယ်ဝါသည် ကွယ်၍၊ ကောင်းကင်ခရီးဖြင့်သွားခြင်းငှါလည်း မစွမ်းနိုင်ကုန်။ သူတို့၏ ကိုယ်သည်လည်း၊ ဖေါက်ပြန်ခဲ့သည်နှင့် ၊ အချို့တို့သည်၊ အဆင်းလှကုန်၏။အချို့တို့သည်၊ အဆင်းမလှကုန်။ အဆင်းလှသောသူတို့သည်၊ မလှသောသူတို့အား ကဲ့ရဲ့ရှုတ်ချကြကုန်၏။ ထို့နောက်မှ မြေဆီ ( ရသပထဝီ)သည် ကွယ်လေ၏။ ထိုမြေဆီနောက်၊ မြေမှ အလိုလိုပေါ်ပေါက်လာသော မှိုသဏ္ဌာန်မြေလွှာ (ဘူမိပပ္ပဋက) သည်ထင်ရှားဖြစ်၏။ ထိုမြေလွှာကိုပင် စားလျှက်နေကြကုန်၏။ ထိုအခါ၊ ထိုသူတို့သည်၊ အလွန်မာန်မူ၍ အဘိမာနဖြင့်၊ တပါးသော သူတို့ကို ချိုးဖဲ့ကြကုန်သည်ဖြစ်၍၊ မြေလွှာသည် ကွယ်ပြန်ရာ၊ အလွန်ချိုသော နွယ် ( ပဒါလတာ) ကိုစားကြကုန်၏။ ထိုနွယ်ချိုကွယ်ပြန်သောအခါ၊ ဆန်လုံးသက်သက်ဖြင့် သီးသော သလေးဆန်ကိုယူ၍စားကြကုန်၏။ ထိုသို့ရုန့်ရင်းသော သလေးဆန်ကိုစားသဖြင့်၊ ၄င်းအစာ၏ စွန့်ပစ်ရာ၊ ဝစ္စမဂ်ပသာဝမဂ်တို့သည် ထင်ရှားပေါ်လျှက် ဣတ္ထိလိင်၊ပုလ္လိင်တည်းဟူသော မိန်းမ၊ ယောင်္ကျားတို့၏ သဏ္ဌာန်သည် ထင်ရှားဖြစ်လေ၏။ ထိုအခါ ယောင်္ကျားသည် မိန်းမကို၎င်း၊ မိန်းမသည် ယောင်္ကျားကို၎င်း၊ အခါလေးမြင့် တစိန်းစိန်းကြည့်ရှုသဖြင့်၊ ကာမရာဂ စိတ်တို့သည် အားကြီးစွာ ဖြစ်ပေါ်လာသဖြင့်၊ မေထုန်အမှုကိုပြုကြကုန်၏။ ထိုအမှုကိုမြင်သော ပညာရှိတို့သည် စက်ဆုပ်သဖြင့်၊ တံတွေးဖြင့်ထွေးခြင်း၊ပြာ၊ခဲတို့ဖြင့်ပစ်ပေါက်ခြင်း၊ ကဲ့ရဲ့ခြင်းကိုပြုကြကုန်၏။ ထိုအခါ ကွယ်ဝှက်လိုသောငှါ၊ အိမ်ယာဆောက်ခြင်းပြုလုပ်၍ မိမိတို့အင်္ဂါကို ဖုံးလွှမ်းဘို့ရာလည်း၊ ကပ္ပရုက္ခတည်းဟူသော ပဒေသာပင်မှ အဝတ်တို့နှင့် ကိုယ်ကိုဖုံးလွှမ်းကြလေ၏။
မုလေးပွင့်ကုံး၊ ပုလုံးပြုံးသို့၊ ဆန်လုံးဖြူဆွ၊ လွရရွကို၊ ယောက်မမီးရေး၊ မမွှေမချက်၊ ကျောက်ဆုံထက်၌၊ တင်လျက်အိုးပြည့်၊ ထည့်၍ထားခါ၊ စားလိုရာလျှင်၊ ရသာထွေပြား၊ ပျံရှားကြိုဖြည်း၊ မလည်လူးလစ်၊ မတူးချစ်တည့်၊ မူးယစ်မိုက်ရီ၊ နှင်းဆီရုန့်ရင်း၊ ထမင်းအစာ၊ ဩဠာရိက၊ အဟာရကြောင့်၊ မုတ္တကရီ၊ တူပြိတချိန်၊ ပုရိသိန်နှင့်၊ ဣတ္ထိနြေ္ဒ၊ အနေထင်ရှား၊ယောင်္ကျားမိန်းမ၊ ဖြစ်ကြကုန်သော်၊ တပါးလိုဟိတ်၊ တကိုယ်ညိတ်လျက်၊ ယိုဖိတ်လုနီး၊ ရှုမငြီးတည့်၊ အဘီးနန္တ၊ ဝိက္ခမ္ဘဖြင့်၊ ဈာန်မှအဟုန်၊ လျောပြတ်ကုန်သော်၊ မေထုန်ဗလာ၊ ရာဂရမ္မက်၊ ကြီးပွားဝက်၍၊ မိုက်မျက်မလျော်၊ ကာမဘော်ကို၊ မသူတော်မူ၊ ချင်းချင်းပြုဟု၊ တစုတဝေး၊ လူဗိုလ်လှေးတို့၊ နွားချေးခြောက်စုန့်၊ ပြာမှုန့်မြေရေ၊ လွှင့်ပစ်တွေ၍ တန်တွေတွက်တွက်၊ ကျိန်စာရွက်သည်။ ။ လက်လွှက်မြောက်ချီပစ်ကြဲတည်း။
လွရရွ---ဖြူသည်။
ဩဠာရိက---ရုန့်ရင်းကြမ်းတမ်းသည်။
အာဟာရ---အစာ
မုတ္တကရီ---ကျင်ငယ်၊ကျင်ကြီး။
ပုရိသိန်---ယောင်္ကျား။
ဣတ္ထိ---မိန်းမ။
မှတ်ရန်။ ။ အဆင်းလှခြင်း၊ အရုပ်ဆိုးခြင်း၊ မာန်မူးခြင်း၊ တဏှာလောဘ၊ ဒေါသတို့သည်၊ အစာအာဟာရ တည်းဟူသော မြေဆီ၊ မြေလွှာစားခြင်းကြောင့် ဖြစ်သည်ဟုဆို၏။
ကမ္ဘာဦးသူတို့သည်၊ ရသပထဝီ တည်းဟူသော၊ မြေဆီက စ၍ သလေးဆန်ကို စားခြင်းအားဖြင့်၊ ဘုန်းတန်ခိုး ကွယ်ကြောင်း၊ကိုယ်ရောက်ကိုယ်ဝါ ကွယ်ကြောင်း၊ ကောင်းကင်ခရီးဖြင့် မသွားနိုင်ကြောင်းဆိုခဲ့၏။ သို့သော် ယခုဘဒ္ဒကမ္ဘာ၌ ပေါ်ထွန်းကုန်သော ဗုဒ္ဓလေးဆူနှင့် ဂင်္ဂါဝါဠုမကသော ထိုထို ဘုရားတို့သည် သလေးဆွမ်းကို ဘုဉ်းပေးလျှက်၊ ဘုန်းတန်းခိုးမကွယ်ဘဲ၊ ပြည့်စုံကြသည်ကိုလည်း ဆင်ခြင်ရန် မမေ့သင့်ပေ အဘယ့်ကြောင့်ပါနည်း။
ခရစ်ယာန်။ ။ ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်တော်နှင့်အညီ လူယောင်္ကျား၊ လူမိန်းမကို ဖန်ဆင်းတော်မူ၏။ က ၂း၂၇။ ထာဝရ အရှင်ဘုရားသခင်ကလည်း၊ ယောင်္ကျားသည် တယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့အဘို့ငါ လုပ်မည်ဟု အကြံတော်ရှိ၏။ က ၂း၈။
ထိုအခါ ထာဝရအရှင် ဘုရားသခင်သည်၊ လူကိုကြီးသော အိပ်ခြင်းဖြင့် အိပ်စေတော်မူ၏။ လူသည်အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို၊ ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစား၊ အသားကို စေ့စပ်တော်မူ၏။ ထာဝရအရှင် ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်းတော်မူ၍၊ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ ကမ္ဘာဦးကျမ်း ၂း၂၁။
0 comments:
Post a Comment