Wednesday, December 16, 2009

ကမ္ဘာ၏အမည်များ

ကမ္ဘာ၏အမည်များ

သုညကပ္ပေါ၊ သုညကပ္ပေါတိ ဒွေကပ္ပါဟောန္တိဟူ၍ ကျမ်းလာသည်နှင့်အညီ၊ ကမ္ဘာသည်
အကျဉ်းအားဖြင့် သုညကမ္ဘာ၊ အသုညကမ္ဘာဟူ၍ နှစ်ပါးအပြားရှိ၏။
ထိုနှစ်ပါးတို့တွင်၊ သုညကမ္ဘာဟူသည်ကား ဘုရားမပွင့် တိတ်ဆိတ်သောကမ္ဘာ။
အသုညကမ္ဘာဟူသည်ကား၊ ဘုရားပွင့်၍ မတိတ်ဆိတ်သော ကမ္ဘာမည်၏။

အကျယ်အားဖြင့်၊ အသုညကမ္ဘာတွင် ငါးပါးအပြားပြားရပြန်ကား အသုညကပ္ပေါ၊
ပဉ္စဝိဓေါ၊ သာရကပ္ပေါ၊ မဏ္ဍကပ္ပေါ၊ ဝရကပ္ပေါ၊ သာရမဏ္ဍကပ္ပေါ၊ ဘဒ္ဒကပ္ပေါတိဟူ၍
ကျမ်းလာသောကြောင့်၊

၁။ သာရကမ္ဘာ၊ ဘုရားတစ်ဆူပွင့်သောကမ္ဘာ။

၂။ မဏ္ဍကမ္ဘာ၊ ဘုရားနှစ်ဆူပွင့်သောကမ္ဘာ။

၃။ ဝရကမ္ဘာ၊ ဘုရားသုံးဆူ ပွင့်သောကမ္ဘာ။

၎။ သာရမဏ္ဍကမ္ဘာ၊ ဘုရား လေးဆူပွင့်သောကမ္ဘာ။ [More...]

၅။ ဘဒ္ဒကမ္ဘာ၊ ဘုရား ငါးဆူပွင့်သောကမ္ဘာဟူ၍ အကျယ်အားဖြင့် ငါးပါးပြန်လေသည်။
ကျွန်ုပ်တို့ယခုရှိနေသော ဤကမ္ဘာကား ဘဒ္ဒကမ္ဘာမည်၏။ ကမ္ဘာ၏ အမည်များကို
ကမ္ဘာဦးတည်စ၌ ဗြဟ္မာတို့သည် ဆင်းသက်၍ ကြည်ရှု၍ နိမိတ်ဘတ်လျှက်၊ ဤကမ္ဘာသည်
သာရ၊ မဏ္ဍ၊ ဝရ စသည်ဖြင့် မှည့်ခေါ်ကြလေသည်။

ထို့ကြောင့်၊ စကြဝဠာ၊ သင်္ချာတခန်း၊ ရေကြည်ဝန်းထက်၊ ပေါ်ထွန်းနွယ်ဆင့်၊
ကြာငါးပွင့်တွင်၊ နီရင့်ရောင်ရွှန်း၊ သင်္ကန်းငါးဆူ၊ နိမိတ်ယူ၍၊
မိုးသူဗြဟ္မာ၊ ထိန်းမှတ်လာသား၊ မဟာကပ္ပ၊ ဘဒ္ဒကဟု၊ သာလှမည်တွင်၊
ကျွန်းတွင်လက်ယာ၊ ဇမ္ဗူချာဝယ်၊ဟူ၍မင်းရဲကျော်စွာ အေးချင်း၌၄င်း။

ရှေးတည်းနှောင်းပျက်၊ အောင်မြေချက်ဝယ်၊ မြရွယ်ပဒုံ၊ ရှစ်စုံငါးပွင့်၊
ဆင့်ရရင့်ကြောင့်၊ တုံမြင့်မိုးသူ၊ နိမိတ်ဟူ၍၊ ငါးဆူပွင့်ရာ၊ မည်သာဘဒ္ဒ၊
သမိုက်ကျရှင့်၊ ဟုပလိပ်စားအေးချင်း၌၄င်း၊ လာသည်နှင့်အတိုင်း၊ ဤကမ္ဘာသည်
ပရိက္ခရာ ရှစ်ပါး ငါးစုံပါသောကြောင့်၊ ငါးဆူပွင့်သော ကမ္ဘာဟုသမုတ်ကြလေသည်။

မှတ်ရန်။ ။ သုညကမ္ဘာထိုးသောအခါ၊ ဘုရားမပွင့်ဟုဆိုရာ ဘုရားသည် ကမ္ဘာအဆက်ဆက်
ရှိသည်ပင်တည်း။ သို့သော်လူသတ္တဝါတည်းဟူသော၊ ဘူတရုပ်လောကကမ္ဘာကြီးသည်
ရှိတော်မူသော ဘုရားကို မသိသောကြောင့်၊ ဘုရားမပွင့် ဘုရားမရှိဖြစ်သည်။ ယခု
သာသနာတော်အတွင်း ကြုံကြိုက်ရသော်လည်း၊ ဘုရားကို မသိသောသူ၊
အသင်္ချေများလေသည်ဖြစ်၍ ကမ္ဘာသင်္ချေ၊ သုညဝေ၊ လုဆွေမပွင့်လင်းဟူသော
ထွဋ်ခေါင်ဆရာတော် သံပေါက်အတိုင်း၊ သုညကမ္ဘာ ထိုးသောသူများလေသည်ဟုမှတ်လေ။

ခရစ်ယာန်။ ။ခပ်သိမ်းသော ငါတို့အဘဖြစ်တော်မူသော ဘုရားသခင်တဆူတည်း
ရှိတော်မူ၏။ ဧဖက် ၄း၆။ ဘုရားများ အရှင်များဆိုသည့်အတိုင်း၊ ကောင်းကင်ပေါ်
မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ်သမုတ်သော သူအများရှိသော်လည်း၊
အကြင်ဘုရားသခင် အထဲက ခပ်သိမ်းသော ဘုရားဖြစ်၍၊
အကြင်ဘုရားသခင်အဘို့အလို့ငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်
ဘုရားသခင်တစ်ပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ ၁ ကော ၈း၅-၆ လာသည့်အတိုင်း၊
ဘုရားအဆူဆူ မြေကြီးပေါ်တွင် ခေါ်သော်လည်း မုချပရမတ္ထ ဧကံနိယံနိက၊ နိစ္စ၊ ဓူဝ၊
အစိန္တေယျ၊ ထာဝရဖြစ်တော်မူသော ဘုရားကိုယ်တော်မြတ်ကြီးကား၊ ကမ္ဘာ့ ကမ္ဘာတွင်
တဆူတည်းသာ ရှိတော်မူလေသည်။ ထို့ကြောင့် ဆာလံ ၉၀း၁ ၌ကား တောင်များကို
မဖေါ်၊ မြေကြီးနှင့် လောကဓါတ်ကို ဖန်ဆင်းတော် မမူမီ။ ကိုယ်တော်သည်
ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင်
ဘုရားသခင်ဖြစ်တော်မူ၏။ တနည်း အိုထာဝရဘုရား ကာလအစဉ် အဆက် တည်ပါ၏ဟု
ဆာလံ၁၀၂း၁၂ တွင်ဖေါ်ပြထားလေသည်။

0 comments:

Post a Comment