This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Saturday, January 30, 2010

ကျမ်းစာများအကြောင်း။


ကျမ်းစာများအကြောင်းကို ရေးရာ၊ ရှင်တော်ဂေါတမ မပေါ်ထွန်းမီက ရှိသော ကျမ်းနှင့်၊ ရှင်တော်ဂေါတမ ပေါ်ထွန်းပြီးမှ ပြုစု၍ ရှိသော ကျမ်းဟူ၍ နှစ်မျိုး နှစ်စား ခွဲခြားထားနိုင်သည်ဖြစ်၍၊ ရှေးဦးစွာ ရှင်တော်ဂေါတမ မပေါ်ထွန်းမီရှိနှင့်သော ကျမ်းစုကို အချုပ်အားဖြင့် ဖေါ်ပြပါအံ့။ ထိုသို့ပြရာတွင် ရှင်တော်ဂေါတမ၏ မွေးဖွားရာ ဖြစ်သော အိန္ဒိယတိုင်းသားတို့၏ ရာဇဝင်သမိုင်းမှ ယူ၍ ပြသရလိမ့်မည်။ အခြား အားကိုး အားထားစရာမရှိဖြစ်ချေသည်။


က။ ဗြဟ္မာတို့ ကျမ်းများ။

       ဗုဒ္ဓသာသနာ ပေါ်ထွန်းတော် မမူမီ၊ ဟိန္ဒူဗြဟ္မဏ လူမျိုးတို့တွင် ဇတ်လေးဦး၊ ဗေဒင်လေးပုံဟူ၍ ဗေဒင်ကျမ်းတို့သည် ထင်ရှားစွာ ဖြစ်ပေါ်နှင့် လေကုန်သည်။ ထိုသို့ဖြစ်ပေါ်နှင့်ပြီးသော ကျမ်းတို့တွင်၊ ဣရုဗေဒင်ကျမ်းသည် ပဌမအဦးဆုံးသော ကျမ်းဖြစ်၏။ ထိုကျမ်း၏ မူလအစပေါ်သော အချိန်ကာလကို အမှန်သိနိုင်ရန် ခဲယဉ်းပေ၏။ သူတို့၏အဆိုမှာ ခရစ်တော်ပေါ်ထွန်းတော် မမူမီ နှစ်ပေါင်း ၃၀ဝ၀ လောက်က ရှိနှင့်ကြောင်းကို ဆို၏။ သို့သော်ဥရောပတိုက်သား ပညာရှိများတို့က မှတ်ချက်အတိုင်း၊ ဗေဒင်ကျမ်း၌ ပါသော နက္ခတ်များကို မှတ်သားတွက်စစ်သော်၊ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၁၄၀ဝ ခန့်က၊ သီချင်းများကို လက်တန်းစပ်ဆိုဆဲဖြစ်မည်ဟု ချင့်ချိန်၍ သိရကြသည်။ ဣရုဗေဒင်ကျမ်းသည် လင်္ကာတို ကဏ္ဍပေါင်း ၁၁၁၇ ခုရှိ၍၊ ပါထာပေါင်း ၁၀၅၈၀ ရှိသော အလွန်ဟောင်းသော သီချင်းစုဖြစ်သည်။ ထိုကျမ်းနောက်မှ ထပ်၍ပြုသော၊ မိမိတို့ဘုရားသောမကို ကိုးကွယ်ရာတွင်၊ ယဇ်ပူဇော်ရန် အချိန်ကို တွက်စစ်၍ပြသော ကျမ်းကို သောမဗေဒင်ကျမ်း၊ ၄င်းကျမ်း၌ ၊ နေ၊လ၊ နက္ခတ်တို့၏ အသွားအလာကို တွက်စစ်၍ပြ၏။ ၄င်းမှတဖန် ကြီးကျယ်သော ယဇ်ပူဇော်ရာ အခမ်းအနားကိုပြသော ကျမ်းကို။ ယခု ဗေဒင်ကျမ်းဟူ၍၄င်း၊ အထက်သုံးကျမ်းပါ သီချင်းတို့မှ တဆင့်ဆက်၍ ဖွဲ့ဆိုသီကုံးသော ကျမ်းကို အာတပ္ပန ဗေဒင်ကျမ်းဟူ၍၄င်း၊ ဗေဒင်ကျမ်းလေးပုံ ဖြစ်ပေါ်နှင့်လေပြီ။

 

ခ။ ဗြဟ္မာတို့ကျမ်းမှ ပိဋကတ်ကျမ်း ဖြစ်ပွားလာခြင်း အကြောင်း။

       ဗုဒ္ဓမြတ်စွာသည်၊ နိယမတရားကို ဟောထား၍၊ တရားသည် အစဉ်ရှိနှင့်ကြောင်းကို ပြသည်သာမက၊ တစုံတခုသော သိက္ခာပုဒ်ကိုပညတ်တော်မူမည် အကြံတော်ရှိတော်မူလျှင်၊ ရှေးပညတ် ရှိ၏၊ မရှိ၏ကို ဆင်ခြင်တော်မူပြီးမှ ပညတ်တော်မူ၏။ ထို့ကြောင့်၊ ဧက္ကနိပါတ်တော်မှအစ၍၊ အစောင်စောင်သော နိပါတ်တို့၌၄င်း၊ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ပိဋကတ်တို့၌၄င်း၊ ဗြဟ္မတို့ ကျမ်းစကားအချို့ကို သွင်း၍၊ အချို့သော ကျမ်းတို့ကိုလည်း၊ သင်္သကရိုက်ဘာသာမှ၊ မရဓဘာသာသို့ ပြန်ဆိုရေးသား၍၊ ပိဋကတ် အဝင်အပါ သွတ်သွင်းကြလေသည်။ ပမာဘန္တကို ပြရသော်။ ။နိကဏ္ဍုကျမ်း=အဘိဓါန်ကျမ်းတည်း။ သစ်ပင်၊ တော၊ တောင် အစရှိသော အထူးထူးသော အမည်တို့ကို ပြသောကျမ်း။ ကေတုဘကျမ်း=လောကီသဒ္ဒါကျမ်းတည်း။ အက္ခရာတို့ကို ခွဲပြသောကျမ်း။ ဣတိဟာသကျမ်း=ရှေးလူဟောင်းတို့ ဖွဲ့ဆိုသော စကားဟောင်းကျမ်း။

ထိုမှတပါး၊ ဆန်းကျမ်း၊ အလင်္ကာကျမ်း၊ သဒ္ဒါကျမ်း၊ အဘိဓါန်ကျမ်းတို့သည်၊ ဗေဒင်ကို ညီမျှအောင်စီရင်၍၊ ပိဋကတ်သုံးပုံဟုလျှက်၊ အာတပ္ပန ဗေဒင်ကိုကွယ်စေကြောင်း၊ ရှေးလူဟောင်းတို့စကားရှိ၏။ ကျွန်ုပ်တို့ငယ်ရွယ်စဉ်က သင်ရသော ဆုတောင်းစာ၌၊ ပဋကတ်ဗေဒင်၊ သင်သင်သမျ၊ ကြားခါမြင်ခါ၊ မကြာခဏ၊ တတ်စေသော်ဟု သင်ရသည်။ ထိုမှတပါး၊ ဗေဒင်မှ ပိဋကတ်ဆက်နွယ်ကြောင်း ဝေဿန္တရာဇာတ် အဌကထာ၌၊ မဒ္ဒီဒေဝီသည် ၊မြတ်သောယောင်္ကျားကောင်းကိုရရန်၊ မြင်းနှင့်ယဇ်ပူဇော်ကြောင်းဘော်ပြ၍ ထား၏။ ဘူရိဒဇာတ်၌လည်း၊ အချို့သော ဗေဒင်အယူကိုပယ်လျှက် တချို့ကို လက်ခံကြောင်းတွေ့ရလေသည်။ ဗေဒင်ကျမ်းတို့မှ၊ ပိဋကတ်သုံးပုံခေါ် ကျမ်းဖြစ်လာကြောင်း သိရလေသည်။

 

ဂ။ ပိဋကတ်သုံးပုံခေါ်သော ကျမ်းများ။

       ပိဋကတ်သုံးပုံမှာ၊ ကျမ်းရင်း ၁၅ ကျမ်းရှိ၏၊ ဤကျမ်းတို့ကို ဗုဒ္ဓမြတ်စွာဟောထားခဲ့သော်လည်း။ သူ၏လက်ထက်တော်တွင်ရေးသား၍ မထားကြဘဲ၊ ရဟန္တာအရှင်မြတ်တို့သည်၊နှုတ်တက်အာဂုံဆောင်ကြသည်ဟု အဆိုရှိ၏။ ရှင်တော်ဂေါတမ မရှိသည့်နောက်၊ နှစ်ပေါင်း ၄၅၈ နှစ်ကြာ၍၊ သီဟိုဠ်ကျွန်းကို အုပ်စိုးသော ဝဋ္ဋဂါမနီမင်းလက်ထက်ရောက်မှ၊ နောင်ခါ သတ္တဝါတို့ပညာသတိဆုတ်ယုတ်သဖြင့်၊ နှုတ်ထက်ရွရွမဆောင်စွမ်းနိုင်သည်ကို ဆင်ခြင်၍၊ ရဟန္တာတို့သည် တညီတညွတ်တည်း စည်းဝေးတိုင်ပင်ပြီးလျှင်၊ ပေရွက်ပေါ်၌ အက္ခရာတင်၍ ရေးထားကြလေသည်။ ဤအချိန်ကစ၍ ယခုတိုင် ပိဋကတ် သုံးပုံဟု ထင်ရှားလေသတည်း။


Thursday, January 21, 2010

ကမ္ဘာသမိုင်း အရ ခရစ်တော်၏ (၁၈) နှစ်ပြဿနာအား ဆန်းသစ်၍ တဖန်တင်ပြခြင်း။


၁။ သာသနာ့ရှုဒေါင့်။

 

            မောင်အံ့ ( မဟာဝိဇ္ဇာ- ဘုံဘေ)၏ "ဗုဒ္ဓသာသနာတော် ၂၅၀ဝ ခရီး" ကျမ်းကြီးမှာ စာမျက်နှာ ( ပတွဲ) ခြောက်ရာကျော်ရှိ၍ အင်္ဂလိပ်မြန်မာပါဠိကျမ်းပေါင်း (၃၀) ကျော်ကို ကိုးကားရေးသားထားပါသည်။ ထိုကျမ်းကြီးတွင် ဗုဒ္ဓသာသနာတော်ပြန့်ပွားပုံနှင့် ပတ်သက်၍ သာသနာပြုရာ ကာလဒေသတို့ကို အတိအကျဖေါ်ပြထားသည်။

 

            နိဒါန်း ( ကေ)  တိဗက်သို့ ဗုဒ္ဓသာသနာတော်ရောက်ရှိပုံ ဖေါ်ပြချက်ကို ဤသို့ လေ့လာရသည်။


            သာသနာနှစ်                    ဂိုဏ်း                                    မှ                                 သို့


            ၁၀ဝ၀-၁၁၀၂                   မဟာယာန                         အိန္ဒိယ                                  တိဗက်

            အတွင်း                          တန္တရ၊ မန္တရ      

 

            ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲသောနှစ် ( ဘီစီ-၅၄၄) ကို ဗုဒ္ဓသာသနာတော် သက္ကရာဇ်အဖြစ် စတင်ရေတွက်ရာ အစောဆုံး ခရစ်တော်ပွင့်တော်မူပြီး နှစ်ပေါင်း လေးရာကျော် (၄၅၆=၁၀ဝ၀-၅၄၄)မှ အိန္ဒိယပြည်မှ တိဗက်သို့ ဗုဒ္ဓသာသနာတော်ရောက်ရှိသည်ဟု ဆိုသည်။ သို့ရာတွင် သတိပြုရန်ရှိသေးသည်။ ယေရှုခေါ် ဇိဝကိရိတ ကို ရဟန်ပြုပေးသည် ဆိုသောကြောင့် ဗုဒ္ဓဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်မဟုတ်နိုင်။ တိဗက်ဒေသသား ငါးသိန်းကို ရဟန်းပြုပေးသည် ဆိုသော ဗုဒ္ဓဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်မဟုတ်၊ မဟာယန၊ တန္တရ၊ မန္တရဗုဒ္ဓဘာသာသာသနာ၊ အနော်ရထာမင်း မတိုင်မှီထွန်းကားခဲ့သော ပုဂံခေတ် အရည်းကြီး သာသနာမျိုးသာလျှင်ဖြစ်နိုင်ချေစရာရှိလေသည်။ မညှာမတာဆိုရသော မွန်ဘုန်းတော်ကြီးကျောင်းဟူသည် နတ်ဘုရားကျောင်းပင်ဖြစ်သည်။  BON ကို မွန်ဟုလွဲမှားစွာ ဘာသာပြန်ဆိုထားခြင်းသာဖြစ်သည်။

           

            နိဒါန်း ( ဂါ-ဂိ) သာသနာနှစ် (၁၂) ရာစု သာသနာပြန့်ပွားပုံဖေါ်ပြချက်။

                        " တိဗက်ပြည်သို့  ဗုဒ္ဓဘာသာသာသနာတော် စတင်ရောက်ရှိသည်။ ဘုရင်ကိုးကွယ်ခံရ၍ နိုင်ငံတော်ဘာသာဖြစ်ခဲ့သည်။ အရှင်သန္တရက္ခိတနှင့် ပဒုမသမ္ဘဝတို့က စတင်သာသနာပြုခဲ့သဖြင့် တိဗက်လားမားဗုဒ္ဓဘာသာသည် ဆစ်ကင်းပြည်၊ ဘူတန်ပြည်၊ မွန်ဂိုလျှပြည် ဆိုဗီယက်နိုင်ငံများသို့ ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံတွက် ပုပ္ပါးစော ရဟန်းမင်းက သုမုန္ဒရီမင်းဖြိုခွင်းကြွင်းသက္ကရာဇ် (၅၆၀) ကိုချေ၍ (၂) ခုကြွင်းထားကာ မြန်မာ သက္ကရာဇ် (၂) ဟု စတင်ကာ ယနေ့ထက်တိုင် လက်ရှိမြန်မာ သက္ကရာဇ်၏ အစဖြစ်လေသည်။"


            အထက်ပါဖေါ်ပြချက်ကို တွက်ချက်ညှိနှိုင်းလျှဉ် အောက်ပါ သာသနာသက္ကရာဇ်တို့ကို သိရှိမှတ်သားနိုင်သည်။

                        မူလဗုဒ္ဓသာသနာတော်  သက္ကရာဇ်                 - ၆၂၂

                        ထိုသက္ကရာဇ်ကိုဖြို၍ သုမုန္ဒရီ                         -  +

                        တည်ထောင်သော သက္ကရာဇ်                        - ၅၆၀

                                                                                    ---------

                        တိဗက်စတင်ရောက် သာသနာ                       - ၁၁၈၂ ( ဗုဒ္ဓသာသနာ ၁၂ ရာစု)

                        ပုပ္ပါးစောရဟန်းမင်းမြန်မာသက္ကရာဇ်

                        စတင်ပေါင်းသည့်နှစ်( ဝါ ) ရောက်ဆဲ                +

                        မြန်မာ သက္ကရာဇ်                                       - ၁၃၆၈

                                                                                    ----------

                        ရောက်ဆဲဗုဒ္ဓသာသနာနှစ်                            ၂၅၅၀

            မြန်မာ သက္ကရာဇ် ( ကောဇာသက္ကရာဇ်) စတင်ထူထောင်ချိန်နှင့် တိဗက်သို့ ဗုဒ္ဓသာသနာတော် ရောက်ချိန်တူသဖြင့် တိဗက်ပြည်သို့ ဗုဒ္ဓသာသနာတော် ရောက်သည်မှ နှစ်ပေါင်း ( ၁၃၀ဝ) ကျော်မျှသာရှိသေးသည်။ ယေရှုပေါ်ထွန်းခဲ့သည်ကား နှစ်ပေါင်း ( ၂၀ဝ၀) ကျော်ပြီးဖြစ်သည်။ သို့ဖြစ်၍ တိဗက်ပြည်သို့ ဗုဒ္ဓဘာသာရောက်သည့်ကာလထက်နှစ်ပေါင်း ( ၆၃၈) ခန့်စော၍ ယေရှုပွင့်တော်မူခဲ့ကြောင်း ထင်ရှားလေပြီးဖြစ်သည်။ ( ၁၃၆၈+၆၃၈=၂၀ဝ၆)     "ပါရမီပြည့်ဝသော်လည်း ပညာရှိသတိဖြစ်ခဲ" အခြေအနေတွင်ရှိနေကြသော ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများ ဓမ္မာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းနိုင်ကြပါစေသော်ဝ်။

 

၂။ ရာဇဝင်ရှုဒေါင့်အထွေထွေ။


            သမိုင်းဆရာကြီး  အိခ်ျဂျေဝဲလ် က မိမိ၏ ကမ္ဘာ့သမိုင်းကျမ်းကြီးတွင် ဗုဒ္ဓဘာသာသည် တိဗက်ပြည်သို့ အေဒီ ၆၅၀ ခန့်တွင် စတင်ရောက်ရှိကြောင်းဖေါ်ပြထားသည်။ ရန်ကုန် သမိုင်း သုတေသနဋ္ဌာနမှ သိရှိချက်၊ တွေ့ရှိချက်ကား အေဒီ ၆၄၇ နှင့် အနီးစပ်ဆုံးဖြစ်သည်။


မြန်မာစွယ်စုံကျမ်းအတွဲ (၄) စာမျက်နှာ (၄၅၅) တွင် ဤသို့ ဖေါ်ပြထားသည်။ တိဗက်ပြည်၏ ရှေးဦးသမိုင်းမှာ မရေရာလှချေ။ သေချာရေရာသော သမိုင်းဖြစ်စဉ်မှာ တရုတ်ခရီးသည် တစ်စုသည် လာရောက်လည်ပါတ်ခဲ့သည့်ခရစ်နှစ် ၆၅၀ ပြည့်နှစ်တွင်မှ အစပြုသည်ဟု ဆိုလေသည်။ ၁၃ ရာစုနှစ်လောက်တွင်ကား မွန်ဂိုဘုရင် ဂျစ်ဂစ်ခန် ကသိမ်းပိုက်ယူခဲ့သည်။ သူ၏မြေးတော် ပထမ တရုတ်နိုင်ငံ၏ မွန်ဂိုဧကရာဇ် ကူဗလိုင်ခန်သည် လားမားဝါဒီတစ်ဦးဖြစ်လာသည်။

            တိဗက်ရဟန်းမင်း၊ ဒလိုင်းလားမား၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကျမ်း  "Freedom In Exile" တနေ့ရာတွင် ဗုဒ္ဓဘာသာသည် တိဗက်သို့ အေဒီ ၄၀ဝ )တွင် ရောက်လာကြောင်းဖေါ်ပြချက်ရှိလေသည်။

            ကမ္ဘာ့ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ခရစ္စမတ်ဟမ္ဖရီ၏ "Buddhism" စာအုပ်တွင် ဤသို့ဖေါ်ပြထားသည်။

            အေဒီ ( ၇ ) ရာစု မတိုင်မီတိဗက်၏ တစ်ခုတည်းသော ဘာသာတရားမှာ ဘွန်းဖြစ်သည်။ အထင်ရှားဆုံးခေါင်းဆောင်မှာ " ရှာမန်" ဖြစ်သည်။ စိတ်တန်ခိုးဖြင့် မိုးလေဝသမှန်အောင် ဖန်တီးပေးနိုင်သည်ဟုဆိုသည်။ ဘွန်းဘာသာသည် သဘာဝတရားကို ကိုးကွယ်ခြင်းဖြစ်သည်။ ဘုမ္မစိုး၊ အာကာသစိုးနတ်မင်းများကို ကိုးကွယ်သည်။

            အေဒီ ( ၅ ) ရာစုတွင် ဗုဒ္ဓစာပေသည် အိန္ဒိယမှ တိဗက်သို့ ရောက်လာသည်။ သို့ရာတွင် စည်ပင်ပြန့်ပွားလေးစားမှုမခံရပေ။ ဆရန်းဆင်းဂမ္ပို ဘုရင်လက်ထက် အေဒီ ( ၇ ) ရာစုတွင် ဗုဒ္ဓဘာသာဝင် တရုတ်မင်းသမီးနှင့် နီပေါမင်းသမီးတို့ကို မိဖုရားမြောက်ခဲ့သည်။ ထိုမှ ကျောင်းကန်ဘုရားများကို ဆောက်၍ကိုးကွယ်စေခဲ့သည်။


            တိဗက်ဗုဒ္ဓဘာသာကို တန္တရ ဗုဒ္ဓဘာသာ ဟု သမုတ်သည်။ တန္တရတွင် ကဏ္ဍ ( ၃ ) ခုရှိသည်။


                        မုဒြ        =          ခန္ဓာကိုယ်အနေအထားဣရိယာပုတ်။

                        မန္တရ      =          ဂါထာမန်းမှုတ်ခြင်း။

                        ယန္တရ     =          ကသိုဏ်းကွက်များ၊ ပုံဆောင်ပုံတော်များ။

 

 

၃။ဗုဒ္ဓဝင်အရလည်း ယုတ္တိဗေဒမကျ။


            တိဗက်ပြည်သို့ဗုဒ္ဓဘာသာသာ ရောက်သည်မှာ ယေရှုခရစ်မပေါ်ထွန်းမှီ ဗုဒ္ဓသာသာနာနှစ် ( ၂၃၅ ) ၊ အာသောကမင်းလက်ထက်၊ တတိယသင်္ဂါယနာတင်ပွဲတော်အပြီးတွင် ကိုးတိုင်း ကိုးဋ္ဌာနသို့ သာသနာပြုပုဂ္ဂိုလ်များစေလွတ်ခဲ့သည်။ ကိုးတိုင်းကိုးဋ္ဌာနတွင်း "စိန့်တိုင်း" ပါဝင်။ စိန့်တိုင်းဟူသည် ပါဠိဘာသာအားဖြင့် "စိနရဋ္ဌ"ဖြစ်သည်။ အင်္ဂလိပ်လို အသံထွက်အားဖြင့် ဃ့ငညေ ( တရုတ်) ဖြစ်သည်။ စိန့်တိုင်းသာသနာ့ ခရီးစဉ်နှင့် ပါတ်သက်၍ မှန်နန်းရာဇဝင်တော်ကြီး ပထမတွဲ၊ စာမျက်နှာ ( ၁၄၇ ) တွင်ဤသို့ဖေါ်ပြထားသည်။

            မြန်မာသက္ကရာဇ် ( ကောဇာ) စတင်ထူထောင်ချိန်နှင့် တိဗက်သို့ ဗုဒ္ဓသာသနာတော် ရောက်သည်မှာ နှစ်ပေါင်း ( ၁၃၀ဝ ) ကျော်မျှ သာရှိသေးသည်။ ယေရှုပေါ်ထွန်းခဲ့သည်ကား နှစ်ပေါင်း ( ၂၀ဝ၀ ) ကျော်ပြီဖြစ်သည်။ သို့ဖြစ်၍ တိဗက်သို့ ဗုဒ္ဓသာသနာရောက်သည့်ကာလထက် နှစ်ပေါင်း ( ၆၃၈ ) ခန့်စော၍ ယေရှုပွင့်တော်မူခဲ့ကြောင်းထင်ရှားပေပြီ ( ၁၃၆၉ + ၆၃၈= ၂၀ဝ၆ ) ။

            "မဇ္ဇျိမထေရ်မူကား ကဿပဂေါတ္တထေရ်၊ နာဠကဒေဝထေရ်၊ ဒုန္ဒိုဘိယထေရ်၊ မဟာရေဝထေရ်တို့နှင့်တကွ ဟိမဝန္တာအနီးဖြစ်သော အရပ်သို့ သွားတော်မူ၍ ဓမ္မစက္ကပဝတ္တနသုတ္တဒေသနာဖြင့် ထိုအရပ်သားတို့ကို ကြည်လင်စေ၍ ကုဋေရှစ်ဆယ်မျှလောက်သော သူတို့ကို မဂ်ဖိုလ်တည်းဟူသော တရားရတနာကို ရစေတော်မူ၏။ ဤသို့လျှင် မဇ္ဈိမထေရ်အမှူးရှိသော ငါးပါးသောမထေရ်တို့သည် ဟိမဝန္တာအနီးဖြစ်သော အရပ်၌ ငါးပြည်ထောင်သားတို့၏ကြည်ညို ခြင်းကိုဖြစ်စေ၍ တပါးတပါးသော မထေရ်ထံ၌ တသိန်း တသိန်းမျှလောက်သော သူတို့သည် ရဟန်းပြုကြလေ၏။


            ဟိမဝန္တာအနီးဖြစ်သော ငါးပြည်ထောင်ဟူသည်ကား စိန့်တိုင်း ( တရုတ်)  ငါးရပ်တို့ကို ဆိုလိုသတည်း။ စိန့်တိုင်း ငါးရပ်တို့တွင် တိဗက်ပါဝင်သည်။ သို့ဖြစ်၍ ကိုးတိုင်း ကိုးဋ္ဌာန သာသနာခရီးစဉ်တွင် တိဗက်ပါဝင်ကြောင်း အငြင်းပွားဖွယ်မရှိပေ။ သာသနာပြုလုပ်ငန်းအောင်မြင်မှုအတွက်လည်း ဂုဏ်ယူဝင့်ကြွား သဒ္ဓါပွားရန်ကောင်းလှပေ၏။ ယုံကြည်သူတို့အတွက် ယုံကြည်သဒ္ဓါတရားပွားရန်ကောင်းလှသော်လည်း ထိုအောင်မြင်မှုကို အထောက်အထား အကိုးအကားပြု၍ အခြားသာသနာကို နှိမ့်ချခြင်းပြုလျှင်ကား သုတေသနအဆင့်ဖြင့် ဝေဖန်

( ဝိဘိဇ္ဇာအမှု) ပြုရန်လိုအပ်သည်။ ပြုရပေလိမ့်မည်။


            သိလိုရေး စေတနာသက်သက်ဖြင့် သက်ညှာ ညှာဖြင့် မေးစရာကား--

            လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ၊ ခြောက်နှစ်တာ ဒုက္ခရစရိယာဖြင့် ရှာဖွေခဲ့ရသော အလွန်တရာ နက်နဲသည့် သစ္စာလေးပါးမြတ်တရားကို တိဗက်ပြည်သားတို့အား မည့်သည့်ဘာသာစကားဖြင့် ဟောကြားခဲ့ပါသလဲ? ပဠိဘာသာဖြင့်လား? တိဗက်ဘာသာဖြင့်လား? သက္ကတ ဘာသာဖြင့်လော?

            သာသနာပြု မထေရ်ငါးပါးတို့က ငါးသိန်းမျှလောက်သော တိဗက်ပြည်သားတို့ကို ရဟန်းဘောင်သို့ မည်ကဲ့သို့ သွင်းနိုင်မည်နည်း? ဘုံရဟန်းခံပွဲဟူသည်ရှိသလော? ရဟန်းငါးသိန်းကို ပစ္စည်းလေးပါး ထောက်ပံ့နိုင်လောက်အောင် တိဗက်ပြည်၏ စီးပွားရေး ခိုင်ခံ့ပါသလော?

            သာသနာနှစ် ( ၂၃၅ ) ( ဘီစီ ၃ ရာစု ) တွင် တိဗက်၊ ခိုတန်၊ ဘူတန်၊ ဆစ်ကင်း၊ တရုတ် ပါဝင်သော ဟိမဝန္တာအနီးဖြစ်သော အရပ်၌ လူဦးရေ ကုဋေရှစ်ဆယ် ( သန်း ၈၀ဝ ) ရှိသလော?

            အေဒီ ၂၀ ရာစု၊ နှစ်ပေါင်း ( ၂၀ဝ၀ ) ကျော်ကြာသောအခါ မော်စီတုန်းလက်ထက်တွင်မှ တရုတ်လူဦးရေသန်း ( ၈၀ဝ ) ရှိကြောင်း စာနယ်ဇင်းများတွင် ဖတ်ရှုရသည်။ ရေဒီယို သတင်းများတွင် နားထောင်ရပါသည်။

 

၎။ သုတေသန စာပေရှုဒေါင့်။

            ဒေါက်တာမြင့်မောင်ရေးသားသော "ဗုဒ္ဓဝါဒပြဿနာများစာအုပ်မှ တွေ့ရှိရသော ဘိက္ခူအရှင် အရိယဓမ္မ၏ ခရစ်ယာန်ဘာသာအယူအဆအား ဝေဖန်ချက်" စာအုပ်မှ သိမှတ်ဖွယ်ရာ အချို့ကို တင်ပြအပ်ပါသည်။

            ပါမောက္ခဂိုရစ်၏ "တိမ်မြုပ်နေသော ခရစ်တော်၏ ဟောပြောချက်များ ( Unknown Teaching of Christ ) စာအုပ်ကိစ္စ။


            အရှင်အရိယဓမ္မ၏ ဖေါ်ပြချက်အရ ကျမ်းပြုသူများ အမေရိကတိုက် ချီကာဂိုမြို့၊ ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခဂိုးရစ်ဖြစ်သည်။ စာမျက်နှာ (၆၀ဝ ) ကျော်ရှိသည်။ ၁၉၂၅ တွင် ပုံနှိပ်ထုတ်ဝေသည်။ သို့ရာတွင် မည်သူပုံနှိပ်သည်မည်သည့်အရပ်တွင် ပုံနှိပ်သည်။ ပုံနှိပ့်သည့်အကြိမ်... စသော အချက်အလက်များ မပြောသဖြင့် ထိုစာအုပ်ရှာရန်မဖြစ်နိုင်ပေ။ တကယ်ရှိ၊ မရှိလည်း မသိနိုင်ပေ။


            ပျောက်ဆုံးသော ( ၁၈ ) နှစ်တာကာလနှင့် ပါတ်သက်၍ နောက်ဆုံးထုတ်ဝေသော စာအုပ် ( ၃)  အုပ်ရှိသည်။ ထိုစာအုပ်များမှာ-

                        Elizaberth Clare Prophet: The Lost years of Jesus ( 1984)

Holgar Kersten: Jesus lived in India ( 1995)

Elmar R Geruber and Holgar Kersten: The Original Jesus ( 1995)

တို့ဖြစ်ကြသည်။ နောက်မှ ထွက်ပေါ်သော ဤစာအုပ်များတွင် ပါမောက္ခဂိုးရစ်ဟူသော အမည်ကို ၄င်းထိုသူ၏ အဓိကတင်ပြချက်များကို ၄င်းဖေါ်ပြကိုးကားခြင်းမရှိပေ။

            ဒေါက်တာမြင့်မောင်က အရှင်အရိယဓမ္မ၏ ခရစ်ယာန်ဘာသာ အယူအဆအား ဝေဖန်ချက်ကို ဤသို့နိုဂုံးချုပ်ထားသည်။

            " အရှင်အရိယဓမ္မကိုးကားသော ထိုစာအုပ်အား ကျွန်တော်မကြားဘူးပေ၊ ကျွန်တော်စာကြည့်တိုက်တွင်ရှိသော စာအုပ်များတွင် ကိုးကားထားသည်ကိုလည်း မတွေ့ရပေ။ မိမိဆိုသည့်စကားအား အကြွင်းမဲ့ ယုံကြည်မှုတောင်းဆိုခြင်း၊ သို့မဟုတ် အခြေအမြစ်မရှိသော စာပေအား ရှာဖွေခိုင်းခြင်းနှင့်တူလှပေသည်"


            မည်သို့ပင်ဖြစ်စေ အရိယဓမ္မ၏ တိဗက်ခရီးစဉ် ဟောပြောချက်ကတော့ ကြီးမားသော အရှိန်ရိုက်ခတ်မှုဖြစ်ပေါ်စေခဲ့သည်ကား အမှန်ပင်ဖြစ်၏။ ဗုဒ္ဓဘာသာဝင်များအား လွှဲမှားသော အဓမ္မပီတိခံစားစေခဲ့သည်။ ခရစ်ယာန်ဘာသာဝင်အချို့ကိုလည်း ဓမ္မသံသယ တွေဝေစေကာ၊ နာကျည်းမှုဖြစ်ပေါ်စေခဲ့သည်။ တုန့်ပြန်ဖြေရှင်းခွင့်မရနိုင်တော့သော တနည်းအားဖြင့် ဖြေဆေးသုံးခွင့်မရသေးသော ကလောင်အဆိပ်သင့်မှုခံစားနေကြရဆဲဖြစ်သည်။ ဤဝေဒနာနှစ်ပါးစလုံးကို ခံစားဘူးသော ဤစာတမ်းရှင်သည် ဝေဒနာနှစ်ရပ်ပြေငြိမ်းစေလိုကြောင်း ဆန္ဒဖြင့် ရေးသားတင်ပြအပ်ပါကြောင်း။

                                                                         

                       


ဗုဒ္ဓဝါဒပြဿနာများ ဖြစ်ပေါ်စေသော ဓမ္မသဘင် တကယ်ရှိခဲ့သလော?


 

ဤစာအုပ်ဖြစ်ပွားစေသူ ဘက္ခူအရှင်အရိယဓမ္မ၏ ဘဝတစ်စိတ်တစ်ဒေသကို မြန်မာပြန်ဆိုသူ တောင်တွင်း ကိုကိုကြီး၏ နိဒါန်းစကား ဖေါ်ထုတ်ချက်အရ သိရှိခဲ့ရပြီးဖြစ်သည်။ မြှား (၅) ချောင်းအားဖြင့်၎င်း၊ ကြယ် (၇) ပွင့်အားဖြင့်၎င်း အကျဉ်းဖေါ်ပြခဲ့သည်။ သတ္တမကြယ်ပွင့် ဖေါ်ထုတ်ချက်အရ ဗုဒ္ဓဝိဟာရဘုံဘိုင်မြို့ ဓမ္မသဘင်မှ ထွက်ပေါ်လာသော လုလင်ငယ် ယေရှု တိဗက်ပညာတော်သင် ကိစ္စကို အကျယ်တဝင့်ဆွေးနွေး တင်ပြခဲ့ပါသည်။

ယခု အဋ္ဌမကြယ်ပွင့် အမှတ်အသားဖြင့် ဖေါ်ပြရသော်-


            ၁၉၃၈ ခုနှစ်တွင် အရှင်အရိယဓမ္မသည် အိန္ဒိယပြည်တွင် မမွေ့လျှော် မပျော်ပိုက်တော့၍ တောင်တွင်းကြီး ဆရာတော် အသျှင် ဥက္ကဋ္ဌ၏ခြေတော်ရင်းတွင်း ပြန်လည်ခိုလှုံလာသည်။ ၁၉၃၆-၁၉၃၈ (၂) နှစ် နေခဲ့သည်ဟုဆိုနိုင်သော်လည်း အချိန်ကာလအားဖြင့် အတိအကျ မခန့်မှန်းနိုင်ပေ။ အချိန်တိုအတွင်းမှာ အခြားဘာသာတရားများကို မတော်မတရားစော်ကားသော ဓမ္မသဘင်ဆိုသည်ကို အမှန်တကယ် ကျင်းပနိုင်ခဲ့ပါသလော?

 

ဓမ္မဒေသနာ ဟောပြောပွဲလော?

            သက်ဆိုင်ရာ ဘာသာဝင်တို့၏ ပင့်ဖိတ်ချက်အရ ဟောပြောသော အခမ်းအနားကို တရားပွဲဟုခေါ်သည်။ နေ့ရက်၊ အချိန်၊ နေရာ၊ တရားခေါင်းစဉ်စသည် အစီအစဉ်ဖြင့် ဟောကြားခြင်းကို တရားပွဲဟု ဆိုရသည်။ အရိယဓမ္မ၏ ထင်ရာမြင်ရာဖြေဆိုပွဲသည် တရားပွဲမဟုတ်။

 

ဓမ္မသာကစ္စာတရားဆွေးနွေးပွဲလော?

            အခြားဘာသာတရားကို သိလိုသော သို့မဟုတ် မိမိဘာသာတရားကို သိစေလိုသော ဓမ္မမိတ်ဆွေနှစ်ဦးနှစ်ဘက် ညှိနှိုင်းတိုင်ပင်၍ နေ့ရက်နေရာ အကြောင်းအရာ သတ်မှတ်ချက်များအပြင် အပြန်အလှန်ဆွေးနွေးခြင်းကို တရားဆွေးနွေးခြင်းဟုဆိုသည်။ အရိယဓမ္မ၏ တစ်ဖက်သတ် အနိုင်ယူဖြေကြားပွဲသည် တရားဆွေးနွေးပွဲမဟုတ်။

 

ဓမ္မဝိဝါဒတရားပြိုင်ပွဲလော?

            ၁၉၃၆ ခုနှစ်တွင်ပြုလိုပ်ခဲ့သော "ကျောက်ကွင်း အရေးတော်ပုံ" ဟုကျော်ကြားသော ဗုဒ္ဓဘာသာခေါင်းစဉ်များနှင့် ခရစ်ယာန်ဘာသာခေါင်းဆောင်များ၏ ကြိုတင်သတ်မှတ်ချက်များဖြင့် အပြန်အလှန် ဝေဖန်တင်ပြတိုက်ခိုက်ဟောပြောနိုင်သော ဓမ္မသဘောတရားငြင်းခုံပွဲမျိုးသည် ဓမ္မဝိဝါဒပွဲ၊ ဓမ္မစကားရည်လုပွဲဖြစ်သည်၊ အလွန်အဆင့်အတန်းမြင့်မားသည်။ ထိုပွဲအတွင်းဘာသာပြောင်းကိုးကွယ်မှု လွတ်လပ်စွာပြုနိုင်သည်။ ထိုပွဲမျိုး ကမ္ဘာ့အခြား တစ်နေရာတွင် ရှိခဲ့သည်ဟု မကြားစဘူးပေ။ ထိုပွဲမျိုးနှင့် အရိယဓမ္မ၏ တကိုတော်တည်း ပထမရသော ပွဲမျိုးသည် လုံးဝမတူပေ။


            တရားဟောပြောပွဲ၊ တရားဆွေးနွေးပွဲ၊ တရားပြိုင်ပွဲ (၃) ပွဲမဟုတ်သော မတရားပွဲ တမျိုးဖြင့် စိတ်ကြိုက်ဖန်တီးသော ဓမ္မဇာတ်ကောင် ဆရာကြီးများကို အနိုင်ယူကာ မှတ်တမ်းတင်ထားသောစာအုပ်ဟု "ဗုဒ္ဓဝါဒ ပြဿနာများ" ကျမ်းကို ဂုဏ်ပြုလျှင် မမှားနိုင်ဟု ထင်မိပါသည်။


            ဟိန္ဒူဘာသာဓမ္မဇာတ်ကောင်ဆရာကြီးကို ဝေဒကျမ်းများ၊ ပူရဏ်များကို ကောင်းစွာ ကျွမ်းကျင်သည့် ဟိန္ဒူဘုန်းတော်ကြီး ပဏ္ဍိတ်အက်စ်ရှုကာလဂျီဟု ဂုဏ်ထူးဝိသေသ အမည်နာမသတ်မှတ်ထားသည်။ သို့ရာတွင် အရိယဓမ္မ၏စွပ်စွဲဝေဖန် ပုတ်ခတ်ချက်များကို ဝန်မခံဟု ဆိုကာ သဘာပတိဆိုသူက "မဖြေပဲ တရားပွဲမှ ထွက်သွားလျှင် ပဏ္ဍိတ်ကြီးဟာ ပေးထားတဲ့ အာမခံချက်တွေကို ချိုးဖောက်တဲ့ အနေဖြင့် တရားစွဲဖို့ပဲရှိပါတော့တယ်"။ ဟုပြောခဲ့သည်။ မတရားပွဲမှ တရားစွဲပွဲအဆင့်သို့ ရောက်လုမတတ်ဖြစ်ခဲ့ရလေသည်။ ဗုဒ္ဓ၏ အမေးကို မဖြေဆိုက သစ္စက၏ ဦးခေါင်းကို ဝရဇိန်လက်နက်ဖြင့် (ရ) စိပ်ခွဲမည်ဟု အကြမ်းဖက်ချိန်းခြောက်သော သိကြားမင်းကို ပြေး၍ပင် သတိရမိတော့သည်။


            ခရစ်ယာန် ဘာသာဓမ္မဇာတ်ကောင် ဆရာကြီးကိုလည်း ခရစ်ယာန် ဘုန်းကြီး ဂျေဝီလ်ဆင်ဆင် အမ်အေ ( အောက်စဖို့တက္ကသိုလ်)၊ ဘုံဘိုင်မြို့အယ်လီဖင့်စတုန်းကောလိပ်ကောင်း ပညာရှင်ကြီးအဖြစ် ဂုဏ်ပြုဖေါ်ပြထားပါသည်။ သို့ရာတွင် ဥပုဒ်စာဖြေ သင်တန်းကျောင်းမှ ကလေး သူငယ်များပင် သိနိုင်သော ခရစ်တော်အကြောင်းကို မသိဟု ဖြေဆိုခိုင်းလေသည်။ ကယ်တင်ခြင်းတရားအကြောင်းကို ခရစ်ယာန်ဘာသာပါရဂူနှင့်တကွ မိမိ၏ အင်္ဂလန်ပြည်ဂိုဏ်းချုပ်ကြီးပင် မရှင်းပြနိုင်ကြောင်း ဝန်ခံခိုင်းလေသည်။ ဤမျှလောက်အောင်နိုင်သော အရှင်အရိယဓမ္မပေတကား။

            စာမျက်နှာ (၁၁၃) တွင် ဖေါ်ပြထားသော ဓမ္မအတွေးအခေါ်မပါ၊ ကလေးကုလားဆန်သော အမေးအဖြေတစ်စုံကို အောက်တွင် ဖေါ်ပြလိုက်သည်။ အရှင်အရိယဓမ္မ "ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့ အမိန့်တော်ကို စောင့်နေဆဲ ( ၁၈) နှစ်တာကာလအတွင်း သေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကို သွားမလား၊ ငရဲပြည်ကိုပဲ သွားကြရသလား?"

            - သူသည်လက်သမားသားမဟုတ်လော?

            -မာရိ၏ သားမဟုတ်လော?

            -ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အကိုမဟုတ်လော?

            -သူ့နှစ်မများသည်လည်း ငါတို့နှင့် အနီးအပါးမှာနေကြသည် မဟုတ်လော?

အထက်ပါ အမေးများကို သူ၏ဓမ္မဇာတ်ကောင်ဖြစ်သော ခရစ်ယာန် ဓမ္မပါရဂူဆရာတော်ကြီးက-

            "ဒီ(၁၈)နှစ်တာ ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ အကုသိုလ်ကံထဲကနစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကြရပါတယ်ဆရာတော်၊ ဘာပြုလို့လည်းဆိုတော့ အဲ့ဒီလူသားတွေအတွက် ကောင်းကင်ဘုံနန်း မဖွင့်သေးလို့ပါဆရာတော်" ဟူသတည်း။


            မည်သို့ပင်ဖြစ်စေ ဓမ္မသဘင်တကယ်ရှိခဲ့ဟန်ဇာတ်လမ်းတစ်ပုဒ်ကား တည်ရှိနေလေပြီ။ ထိုဇာတ်မှ အခန်းအချို့ကို တတ်စွမ်းသမျှတင်ပြခဲ့ပြီ။ ထိုဇာတ်လမ်း သန္ဓေတည်ရာ "ဗုဒ္ဓဝါဒ ပြဿနာများ" စာအုပ်တိမ်မြုပ်ကာလ သန္ဓေတည်ကာလကားရှည်လျှားလှပေ၏။

 

            "ဗုဒ္ဓဝါဒ ပြဿနာများ" စာအုပ်တိမ်မြုပ်ကာလ

 

အရိယဓမ္မ၏ အတ္ထုပ္ပတ္တိကို ယခုနောက်ဆုံး နဝမကြယ်ပွင့် အမှတ်အသားအားဖြင့် ဖေါ်ပြချက်ကား-

            ၁၉၃၈ ခုနှစ် အိန္ဒိယပြည်မှ တောင်တွင်းကြီးပြန်လာပြီး အမေရိကန်သို့ကြွရောက်ရန် ကြံစည်ပြန်လေသည်။ အမေရိကန် သမတရုစဘဲ့ထံသို့ အမေရိကန်တိုက်၌ ဗုဒ္ဓသာသာနာပြုခွင့်တောင်းခံခဲ့သည်ဟုဆိုသည်။ မည်သည့်ဘာသာဝင် သာသနာပြုမဆိုသွားရောက် သာသနာပြုနိုင်သော နိုင်ငံ၏ သမတထံသို့ ရေးကြီးခွင်ကျယ်ခွင့်တောင်းခြင်းဖြစ်သည်။ ယဉ်ကျေးသော သမတကြီးက ကန့်ကွက်ပိတ်ပင်စရာမရှိကြောင်း စာပြန်ခဲ့သည်ဟု ဆိုသည်။ ဤသို့ဖြင့် အမေရိကန်သို့သာသနာပြုကြွသွားခဲ့သည်။ အချိန်ကာလအားဖြင့် အတိအကျ မဖေါ်ပြထားချေ။ သို့ရာတွင် ရုစဘဲ၏ တတိယ သမတသက်တမ်း ( ၁၉၄၀-၄၄) အတွင်းဖြစ်နိုင်စရာရှိသည်။ မြန်မာပြည်မှ နောက်ဆုံးထွက်ခွာခြင်းဖြစ်သည်။


            ဗုဒ္မဝါဒပြဿနာများ စာအုပ်မူကြမ်းကို အဘယ်အချိန်တွင် စတင်ပြုစုခဲ့သနည်း။ အမေးအဖြေပွဲပြုစဉ် ၁၉၃၆-၃၈ ကာလအတွင်း တစ်ချိန်ချိန်တွင်လော? အိန္ဒိယတွင်လော? မြန်မာပြည်မှာလော? အမေရိကတွင်လော? မြန်မာဘာသာမပြန်မီ အနှစ် (၃၀) လုံးလုံး (၁၉၃၈-၁၉၆၈) အတွင် ထိုစာအုပ်အဘယ်မှာ ရှိနေခဲ့သနည်း? အရိယဓမ္မလက်ထဲမှာလော? တောင်တွင်းကြီးသျှင်ဥက္ကဋ္ဌလက်ထဲမှာလော? ဝင်းမော်ဦး စာအုပ်တိုက်သို့ ဘယ်အချိန်မှာ ရောက်သွားသလည်း? .... စသည်စသည်သော မေးခွန်းပေါင်းများစွာဖြင့် သုတေသနပြုဘွယ်များစွာရှိနေပါသည်။ ဖြစ်စဉ်ကာလ၊ ဖြစ်ရပ်ကိစ္စများကို အတိအကျမသိရသေးသော်လည်း ပြုစုထားကြောင်းကား ထင်ရှားလှပေ၏။

            ဥပမာ-

                        စာမျက်နှာ (၁၆၉)တွင် "... ဒါ့ကြောင့် တကယ့်မှန်ကန်တဲ့တရားကို သိလိုနာလိုကြလို့ ယခုလိုဒီနေရာမျီုးမှာ လာရောက်စုဝေးကြတဲ့ ဒါယကာ၊ ဒါယကာမအားလုံးကို ဦးပဉ္စင်းက ဘယ်ဘာသာ၊ ဘယ်တရား၊ ဘယ်အယူဝါဒကိုမျှ မထောက်မညှာပဲဟောပြောတဲ့အတွက် စိတ်လက်မသာမယာဖြစ်ဖို့လည်း တောင်းပန်ပါတယ်။ ဦးပဉ္ဓင်းကိုယ်တိုင် ကမ္ဘာမှာရှိတဲ့ ဘာသာတရားအယူအဆဝါဒပေါင်း (၂၉)မျိုးကို (၂၂) နှစ်ကျော်လေ့လာလိုက်စားပြီးမှ သစ္စာဝါဒီကိုတွေ့ရှိရလို့ ဒီလို သစ္စာဝါဒီကိုလက်ခံကာ အလွန်စိတ်အားထက်သန်လှတဲ့ ဗရင်ဂျီဘာသာဝင်တစ်ယောက်အဖြစ်က ဗုဒ္ဓဘာသာ သာသနာဘောင့်ထဲကိုဝင်ပြီး သာသနာ့ဝန်ထမ်းရဟန်းဘဝကို ခံယူခဲ့ရခြင်းဖြစ်ပါတယ်"


            ဤစကားပြောချိန်တွင် အရိယဓမ္မသည်အသက်သည် (၃၄)နှစ်မျှသာရှိသေးသည်။ ဗုဒ္ဓဘာသာကို သုတေသနအဆင့်ဖြင့် လေ့လာချိန်မှာ ( ၄ ) နှစ်မျှသာရှိသေးသည်။ ဗရင်ဂျီဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့သည့်ကာလသည် ( ၇ ) နှစ်ထက်မပိုသေးချေ။ အကယ်၍ ကြိုတင်လေ့လာခဲ့လျှင် အသက် (၁၂) နှစ်သားမှ စတင်လေ့လာခဲ့ခြင်းဖြစ်ရပေလိမ့်မည်။ ( ၃၄-၂၂=၁၂) လုံးလုံး လုံးဝမဖြစ်နိုင်ကြောင်း သူ၏မရင့်ကျက်ခြင်း၊ မယဉ်ကျေးသော စာပေဘဝက သက်သေခံနေသည်။ မလေးနက်သော ဓမ္မတွေးခေါ်မှုကလည်း သူ၏ဘဝအမှန်ကို ဖေါ်ပြနေသယောင်တကား။


            အနှစ် (၃၀) လုံးလုံး "ဗုဒ္ဓဝါဒ ပြဿနာများ" စာအုပ်ကို ပုံသွင်းဖန်ဆင်းနေသူကား မည်သူနည်း? မည်သည့်ရည်ရွယ်ချက်ရှိသနည်း? လျှို့ဝှက်နက်နဲသော ဂမ္ဘီရလိုင်းဝင် အံ့မခန်းသော စာအုပ်အဖြစ်ထားလိုက်ကြပါစို့။


            နှစ်ဘက်သော စာဖတ်ဓမ္မမိတ်ဆွေအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ အလင်းတရားနှင့်အတူ အမှန်တရားသည် အမှောင်နှင့် အမှားကို ဖယ်ရှားနိုင်ပါစေသော်ဝ်။

Monday, January 18, 2010

င။ အမျိုးလေးပါကွဲခြင်း။

င။ အမျိုးလေးပါကွဲခြင်း။

        ထို့နောက်မှ၊ သီလသမာဓိနှင့် ပြည့်စုံသော သူတို့သည်၊ သူ့ဥစ္စာကို ခိုးခြင်း၊ မုသာဆိုခြင်း၊ ကဲ့ရဲ့ခြင်း၊ ဒါဏ်ပေးခြင်းဟု ဆိုအပ်သော ယုတ်မာသောတရားတို့ကို ဖျောက်ခြင်းငှါ၊ တော၌ သစ်ရွက်သစ်ခက်တို့ကို၊ ကုဋိပြု၍နေကုန်၏။ ရွာနိဂုံးမင်းနေပြည်၌၊ ဆွမ်းခံ၍ အသက်မွေးကုန်၏၊ ဤသို့ ယုတ်မာသော အကုသိုလ်တရားကို ပယ်သောသူတို့ကို၊ ဗြဟ္မဏ ( ပုဏ္ဏား)ဟုခေါ်ကုန်၏။ အချို့တို့သည် အိမ်ယာထောင်၍၊ လယ်လုပ်ကုန်သွယ်၍ အမှုကိုပြုသဖြင့်၊ များစွာသော ပစ္စည်း ပစ္စယံရှိကုန်၏။ ထိုသူတို့ကို ဝေဿ (ကုန်သည်) အကြင် ဘုန်းနည်းသော သူတို့သည်၊ သူတပါး၏၊ ညှဉ်းဆဲခြင်းကိုခံရ၍၊ ဆင်းရဲသော အမူအရာဖြင့် အသက်မွေးကုန်၏။  ထိုသူတို့ကို ကြမ်းကြုတ်သော အကျင့်ရှိသောကြောင့်၊ လုဒ္ဓါစာရ၊ သို့မဟုတ် သုဒ္ဓါဟု (ဆင်းရဲသားမျိုး)ခေါ်ကုန်၏။ ထိုသုံးမျိုးတို့အပေါ်တွင် အုပ်စိုး၍ တရားသဖြင့် မင်းပြုသော သူတို့ကို၊ ခတ္တိယ (မင်းမျိုး)ဟုခေါ်ကုန်၏။ ထိုမှစ၍၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး၊ မင်းမျိုးဟူ၍ ထင်ရှားဖြစ်လေ၏။

        မှတ်ရန်။ ။ဤလေးမျိုးပင်၊ ဟိန္ဒူကုလား လူမျိုးတို့၏ ဇာတ်လေးဦး၊ အမျိုးလေးမျိုးဖြစ်၏။ ထိုဇာတ်တွင် ပုဏ္ဏားတို့က မိမိတို့အား ဗြဟ္မာ၏ ခံတွင်းမှ ဖန်ဆင်းလိုက်သည်။ ခတ္တိယတို့ကို လက်ရုံးမှ ဖန်ဆင်းလိုက်သည်။ ဝေဿတို့ကို ဝမ်းဗိုက်မှ ဖန်ဆင်းလိုက်သည်။ သုဒ္ဒတို့ကို ခြေထောက်မှ ဖန်ဆင်းလိုက်သည်ဟု အယူရှိ၏။

တနည်း။ ။ ၄င်းပါဠိတော်၊ အမျိုးလေးပါတို့ အထဲမှ ထွက်၍ ရဟန်းခံသည်ကိုထောက်သဖြင့်၊ အစမူလ၌ တမျိုးတည်းဟူသော ဇာတ်ဘာဝကွဲသည်၊ စကားကွဲသည် မဟုတ်ပဲ အလုပ်သာ ကွဲသည်ဟု မှတ်ရန်ရှိသည်။ ပမာ။ မြန်မာထဲမှပင် ၊ ရဟန်း၊ မင်း၊ ကုန်သည်၊ ဆင်းရဲသားမှစ၍ အလုပ်အမျိုးမျိုးလုပ်နိုင်၏။ စကားကွဲ၊ လူမျိုးကွဲ မဆိုသာချေ။

ခရစ်ယာန်။ ။ ထာဝရဘုရားကကြည်ရှုလော့၊ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခု ကြံစည်သမျတို့ကို၊ အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်၊ လာကြ ဆင်းသက်ကြကုန်အံ့။ သူတို့အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့ စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ထိုသို့ ထာဝရဘုရားသည် ၊ သူတို့ကို မြေတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့မတည်ဘဲနေကြ၏။ ကမ္ဘာဦး ၁၁း၆-၈။ ဘုရားသခင်သည် မြေတပြင်လုံး၌နေသော လူအမျိုးမျိုးတို့ကို တသွေးတည်းနှင့် ဖန်ဆင်းတော်မူ၏။ သူတို့အား ခွဲဝေစီမံသော အချိန်ကာလကို၎င်း၊ သူတို့နေရာ အပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏။ တမန်တော် ၁၇း၂၆ ဟူ၍ လာသည့်အတိုင်း ကမ္ဘာဦးက ဗာဗုလုံရဲတိုက်ကပင် စ၍ကွဲပြားခဲ့ကြလေသည်မှာ လူသမိုင်းအတွက် အထင်အရှားပင်ဖြစ်လေတော့သည်။

 

ဂ။ ကမ္ဘာဦးသူတို့ အလင်းကိုတောင့်တ၍ရခြင်း။

ဂ။ ကမ္ဘာဦးသူတို့ အလင်းကိုတောင့်တ၍ရခြင်း။

တေသံ၊ စိန္တယန္တာနံပုညံ၊ ဗလေနဖဂ္ဂုဏ၊ပုဏ္ဏမိယံသူရိယ၊ မဏ္ဍလံဥပ္ပဇ္ဇတိ။ ။ဤသို့ ကျမ်းလာရကား၊ ကမ္ဘာဦးသူတို့သည် မိမိတို့ ကိုယ်ရောက်ကိုယ်ဝါ တန်ခိုးကွယ်ပျောက်ကုန်သော်၊ ယခုအခါ ဘယ်သို့လျှင် အလင်းကိုရပါအံ့နည်းဟု ကြံကုန်တောင့်တကုန်သည်ရှိသော်၊ သူတို့၏ အာနုဘော်၊ အစွမ်းအားဖြင့်၊ တပေါင်းလပြည့်နေ့၌၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိသော နေဗိမာန်သည် ပေါ်လာ၍၊ အလင်းဟူသော အရောက်ကို ရပြန်လေသတည်း။ ထိုအခါ ကမ္ဘာဦးသူတို့က ဤဗိမာန်ကြီးသည် ငါတို့အားရဲရင့်ခြင်းကို ဖြစ်စေလျှက် ပေါ်လာလေသည်။ ထို့ကြောင့်၊ သူရိယဟု တွင်စေသတည်းဟူ၍ နေဗိမာန်ကို သူရိယဟု အမည်မှည့်ခေါ်ကြကုန်၏။ ထိုနေဗိမာန်သည် တနေ့လုံး ထွန်းလင်းလျှက်၊ အနောက်သို့ဝင်၍ ကွယ်ပြန်လေလျှင် မှောက်မိုက်အတိဖြစ်ပြန်လေ၍၊ ကြောက်ရွံ့ခြင်းသို့ရောက်ပြန်လျှက်၊ ငါတို့အား တပါးသော အရောင်အလင်းကို ရသော် ကောင်းလေစွဟုကြံတောင့်တသောခဏ၌၊ လုံးဝန်း ၁၄၇ ယူဇနာ၊ အဝန်းရှိသော လဗိမာန်သည် နက္ခက်တာရာ အပေါင်းတို့နှင့်တကွပေါ်လာပြန်၍၊ ကမ္ဘာဦးသူတို့က၊ ဤလဗိမာန်ကြီးသည်၊ ငါတို့အလိုကို သိဘိသကဲ့သို့ ပေါ်လာလေ၏။ ထို့ကြောင့် ၄င်းဆန္ဒ( စန္ဒ)ဟူ၍ ခေါ်ဝေါ်ကြကုန်၏။ ထိုမှစ၍၊ နေ့ညဥ့်၊ ပက္ခလ၊ ဥတု၊နှစ်၊တို့သည် ထင်ရှားဖြစ်ကုန်၏။

        မှတ်ရန်။ ။ပါဠိတော်၌၊ သယံပတာ၊ မိမိတို့ ကိုယ်ရောင်သည်၊ အန္တရဟိတာရ၊ ကွယ်သည်ရှိသော်၊ စန္ဒိမသူရိယာ၊ နေလတို့သည်။ ပါတုရဟေသုံ၊ ထင်ရှားဖြစ်လေကုန်၏ဟု လာ၏။ အဌကထာ၊ဋီကာတို့၌သာ၊ ကမ္ဘာဦးလူတို့တောင့်တ၍ ပေါ်လာသည်ဖြစ်စေ၊ ကမ္ဘာဦးသူတို့ အလိုဆန္ဒကို သိသောပုဂ္ဂိုလ်တဦးဦးရှိရမည်။ တပါးသောပုဂ္ဂိုလ်၏ စိတ်အကြံအလိုဆန္ဒကို သိသောဥာဏ်ကား၊ ပရမတ္တဝိဇာနနဥာဏ်၊ အသာနုသယဥာဏ်တို့နှင့်ပြည့်စုံမှ သိနိုင်မည်။ ထိုဥာဏ်နှစ်ပါးလည်း၊ ဘုရားတို့၏ ဂုဏ်ပုဒ်ပင်ဖြစ်၍၊ ဘုရားက ထုတ်ပေးသည်ဟုမှတ်ရမည်။

        တနည်း။ ။ လောကဓါတ်ပညာ၊ ဓမ္မတာသဘောအားဖြင့်၊ နေသည် ဤမြေကြီးသို့၊ အလင်းနှင့် အပူကိုပေးလျှက်ရှိ၏။ နေနှင့်ဝေးကွာသောတောင်ဝင်ရိုးဖျား၊ မြောက်ဝင်ရိုးဖျားတို့တွင်ပင် အလွန်အေးသဖြင့် အသက်ရှင်သော သတ္တဝါတို့ မနေနိုင်ခဲ့သည်မှန်လျှင်၊ ဤလောကကမ္ဘာမှာ နေမရှိခဲ့သော်၊ ဘယ်သို့ လူမှစ၍၊ အသက်ရှင်သော သတ္တဝါတို့ ရှိနိုင်ပါမည်နည်း။ ကမ္ဘာဦးသူတို့သည်၊ နေ၊လ မပေါ်မီရှိနှင့်ခြင်းကား၊ အလွန်အံဩဘွယ်ကောင်းလေစွတကား။ ဤနေရာတွင် အချို့သောသူများက ဘုရားရှင်၏ ဖန်ဆင်းခြင်းတွင် လူအားဖန်ဆင်းရာ၌ အခြေအမြစ်မရှိဟုဆိုသောသူတို့အတွက် ဤနေရာမှ လူတို့ဖြစ်တည်ခြင်းကား သာ၍ပင် စဉ်းစားခြင့်ချိန်စရာပင်ဖြစ်လေတော့သတည်း။

        ခရစ်ယာန်။ ။တဖန် ဘုရားသခင်က၊ နေ့နှင့်ညဥ့်ကို ပိုင်းခြားစေခြင်းငှါ၊ မိုးကောင်းကင် မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ ချိန်းချက်သော အချိန်နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားတို့ဖြစ်စေ၊ မိုးကောင်းကင်မျက်နှာကြက်၌တည်၍၊ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု မိန့်တော်မူသည် အတိုင်းဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည်၊ အလင်းအိမ်ကြီးနှစ်လုံး တည်းဟူသော နေ့ကို အုပ်စိုးရသော အကြီးတလုံး၊ ညဥ့်ကိုအုပ်စိုးရသော အငယ်တလုံးနှင့်တကွ၊ ကြယ်များကို ဖန်ဆင်းတော်မူလျှင်၊ မြေကြီး၌လင်းစေခြင်းငှါ၎င်း၊ နေ့နှင့်ညဥ့်ကို အုပ်စိုး၍၊ အလင်းနှင့် မှောက်မိုက်ကို ပိုင်းခြားစေခြင်းငှါ၎င်း၊ မိုးကောင်းကင် မျက်နှာကြက်၌ ဘုရားသခင်ထားတော်မူ၏။ ကမ္ဘာဦး ၁း၁၄-၂၈၌ လာသည့်အတိုင်း၊ ဘုရားသခင် ဖန်ဆင်း၍ထားတော်မူသောကြောင့် ဖြစ်လေ၏။

 

ဃ။ လောကထဲသို့ အပြစ်ဝင်ရောက်လာခြင်းနှင့် သမတတင်မြောက်ခြင်း။

ဃ။ လောကထဲသို့ အပြစ်ဝင်ရောက်လာခြင်းနှင့် သမတတင်မြောက်ခြင်း။

        ကမ္ဘာဦးသူတို့တွင်၊ ပျင်းရိသောသူတယောက်သည်၊ သလေးခင်းသို့ အခါခါ မသွားရအောင်၊ တခါတည်းနှစ်ရက်၊ သုံးရက်စာယူခဲ့၍ အိုးဖြင့်လှောင်ထား၏။ ထိုသူ၏ အတုကိုလိုက်၍၊ြွကင်းသော လူပျင်းတို့သည်လည်း၊ လေးငါးရက်စာမက ယူခဲ့ကြ၍၊ သိုမှီးလှောင်ထားကြကုန်၏။ ထိုသို့ အပိုအမိုသိုမှီးလှောင်ထားခြင်း၊ သန္နီဓိအမှုကို ပြုခြင်းကြောင့်၊ သလေးဆန်တို့သည်၊ ဖွဲကပ်၍၊ အခွံဖုံးကုန်၏။ ရှေးကဲ့သို့ ရိတ်သိမ်းပြီးသော နေရာ၌ ပေါက်မြဲအတိုင်းမပေါက်၊ အငုတ်အတိုင်းသာရှိနေသည်နှင့်၊ ထိုအခါ လူအပေါင်းတို့သည် စုဝေးကြလျှက်၊ သတ္တဝါတို့၌ ဆိုးယုန်သော တရားတို့သည် ပေါ်လာကုန်သဖြင့်၊ ယခုငါတို့အား၊ ကောင်းမြတ်ခြင်း အလုံးစုံတို့သည် ဆုတ်ယုတ်ကုန်လေပြီဟု၊ မှိုင်ငေးညည်းညူကြပြီးလျှင်၊ သလေးခင်းတို့ကို အမျှခွဲဝေ၍၊ သူ့အခင်း၊ ငါ့အခင်းဟု အပိုင်းအခြား ထားကုန်၏။ ထိုသို့အပိုင်းအခြား ထားသည့်နောက်၊ လူတယောက်သည်၊ သူတပါး၏ အခင်းမှ သလေးစပါးကို၊ တိတ်တဆိတ်ခိုးယူ၏၊ ဥစ္စာရှင်တို့သည် တွေ့မိလျှင်၊ တကြိမ် နှစ်ကြိမ် မောင်းမဲတားမြတ်ကြကုန်၏။ သုံးကြိမ်မြောက်၌၊ ထောင်းထုရိုက်နှက်ခြင်းပြုကြကုန်၏။ ထိုအခါမှစ၍၊ ထိုသို့သော အဒိန္နာဒါနံ၊ သူ့ဥစ္စာကိုခိုးခြင်း၊ မုသာဝါဒ၊ မုသာဆိုခြင်း၊ ပါဏာတိပါတ၊ သူ့အသက်သတ်ခြင်း၊ အကုသလဓမ္မာတို့သည်၊ ဖြစ်လာကုန်သည်ဖြစ်၍။ ထိုသို့သောသူတို့ကို နှိပ်နှင့်၍ဆုံးမခြင်းငှါ၎င်း၊ သဘောတူ အကြီးအကဲတင်ထား၍၊ မိမိသလေးခင်းမှ ဆယ်ဘို့တဘိုကို အခွန်ပေးသွင်းကြကုန်လေ၏။ ကမ္ဘာဦးသူတို့သည်၊ ထိုသို့ရှေးဦးစွာ တင်မြောက်သော မင်းကို၊ မဟာသမ္မတဟု သမုတ်ကုန်၏။ လယ်ယာကို အစိုးပိုင်သောကြောင့်၊ ခတ္တိယဟူ၍၄င်း၊ တရားသဖြင့် သူတပါးကို တပ်မက်ချစ်ခင်စေ၍၊ ရာဇာဟူ၍၄င်း၊ အမည်သုံးပါး ရလေသည်။

        မဟာဇနေနသမ္မတောဟိ၊ မဟာသမ္မတော။ ။ခေတ္တာနံ၊ အဓိပတီတိခတ္တိယော။ ။ဓမ္မေနသမေန၊ သတ္တေရဉ္စေတီတိရာဇာ။

        မှတ်ရန်။ ။ကမ္ဘာဦးကာလ၊ သမတမင်း မပေါ်ထွန်းမီကပင်၊ ပါဏာတိပါတ အစရှိသော အပြစ်တရား၊ မြေဆီမြေလွှာကိုစားကတည်းက၊ ရသတဏှာကို တပ်မက်ခြင်းအစရှိသောအရာတို့ကို ပွားများစေလျှက်၊ ငြူစူစောင့်မြောင်း၊ မကောင်းဣဿာ၊ မစ္ဆာရိယ တရားသည် ပွားများလျှက်ရှိလေပြီ။ ကမ္ဘာဦးသူတို့ရှိပြီးမှ၊ ဤအကုသလ တရားတို့ရှိရ ပညတ်ရသဖြင့်။ ဓမ္မနိယာမတရားသည်၊ဤကပင် စလာသောကြောင့် သိရလေသည်။ လူမရှိက၊ တရားမရှိကြောင်း ထင်ရှားလေသည်။

        တနည်း။ ။ အပြစ်ဆိုသော် တဦးနှင့် စပ်ဆိုင်သည်မဟုတ်။ ပြစ်မှားသူနှင့် ပြစ်မှားခြင်းခံသူနှစ်ဦးနှင့် စပ်ဆိုင်လေ၏။ ထို့ကြောင့်၊ ပြစ်မှားသူကား၊ ကမ္ဘာဦးတို့၊ ပြစ်းမှားခံသူကား အဘယ်နည်း။ ဥပမာ၊ သစ်တော် ဥပဒေမရှိခင်က၊ မည်သည့်သစ်ကို ခုန်သည်မဆို အပြစ်မရှိ၊ သစ်တော်ဥပဒေထုတ်၍၊ တည်ပြီးမှ အပြစ်ရှိ၏။ ထို့အတူ၊ ကမ္ဘာဦးသူတို့သည်၊ ပြစ်မှားပြီးဖြစ်၍၊ မည်သူ၏ တရားဥပဒေ လွန်ကျူး၍ အပြစ်ရောက်ကြရပါသနည်း။

        ခရစ်ယာန်။ ။ ထိုအပင်၏ အသီးကိုကား မစားရ၊ စားသောနေ့တွင် ဧကန်အမှန် သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။ ကမ္ဘာဦး ၂း၁၇။ြွေမသည် ထာဝရ ဘုရားအရှင် ဖန်ဆင်းတော်မူသော မြေတိရိစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား ]မစားရ သင်တို့သည် ဥယာဉ်၌ ရှိသော အပင်တို့၏ အသီးကို မစားရဟု} စတင်၍ တရားကို လိုသလို ပြုပြင်ကာ အဓမ္မ အမှုကို ဖြစ်ပေါ်စေသောရလာဒ်ကို မမြင်သော ဧဝသည်] မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍ စား၏၊ မိမိခင်ပွန်းအားလည်းပေး၍၊ သူလည်းစား၏၊ ကမ္ဘာဦး ၃း၁-၆။ ထိုအကျိုးဆက်မှာ ဓမ္မန္တရယ်ဟု ဆိုအပ်သော တရားစာရေသင့်ခြင်းကို၎င်း၊ ဘုရားကို စော်ကားသောအကျိုးဆက်မှ ဗုဒ္ဓန္တရယ်ဟု ခေါ်ဆိုအပ်သော ကြီးလေးသော ဘုရားစာရေသင့်ခြင်းသို့၎င်း ရောက်ကြလေကုန်၏။ ထို့ကြောင့် အပြစ်တရားသည်၊ တယောက်သောသူအားဖြင့်၊ ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့်၊ သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့်၊ သေခြင်းသို့ ရောက်ကြကုန်၏။ ရောမဩဝါဒ ၅း၁၂ ယခုဖေါ်ပြသော ကျမ်းစာလာသည့်အတိုင်း ဘုရားသခင်၏ မိန့်မှာတော်မူသော ပညတ်တော်ကို လွန်ကျူးသော အာဒံကအစပြု၍၊ ဤလောကထဲသို့ အပြစ်ဝင်လာသည်။ အဝိဇ္ဇာပစ္စယာ၊ သင်္ခါရာဟု၊ ပဋိစ္စသမုပ္ပန္န၊ ဘော်ပြအလာ၊ သံသရာမှာ ရှည်ကြာစဉ်ဆက်၊ ကွင်းအကွက်၏၊ ဖြစ်ပျက်သမျှ၊ ဥယာဉ်မက၊ အစဦးစွာ၊ မိန့်ရွှေဗျာကို၊ မနာမလိုက်၊ အမိုက်မိုက်နှင့်၊ သမိုက်သစ်သီး၊ ယူစားပြီးမှ၊ အနီးမနေ၊ ဥယာဉ်ဗွေက၊ နှင်လေသောနောက်၊ ယခုရောက်အောင်၊ စဉ်လျှောက်လူမှာ၊ ပြစ်ပါလာ၍၊ အဝိဇ္ဇာမင်း၊ သူနှိမ်နှင်းလျက်၊ အလင်းဝိဇ္ဇာ၊ ကွင်းရှောင်ခွါသည်၊ နှစ်ဖြာမိဘ၊ ယင်းတို့ကပင်၊ စ၍အပြစ်၊ တို့ကိုနှစ်၍၊ ဆိုးညစ်တွေဝေ၊ ဖုံးလွှမ်းတွေနှင့်၊ မဝေမခွဲ၊ မိုက်မဲတဖြာ၊ အဝိဇ္ဇာ၏၊ နီးစွာအကျ၊ သင်္ခါရကြောင့်၊ ဖြစ်ကြပျက်ရာ၊ တဏှာပွားမောက်၊ မီးတွေတောက်သည်။ ။စိုးကြောက်ခြင်းတရာ၊ အဝိဇ္ဇာ၏၊ ကြောင်းခြာမူလအရင်းတည်း။

Monday, January 11, 2010

ဗုဒ္ဓ၏ ဗုဒ္ဓ၀ါဒ


ဗုဒ္ဓ၏ ဗုဒ္ဓ၀ါဒ

ဘာသာရေးပတ်သက်ပြီး ပုခုံးပြောင်းတာဝန်ကိုတက်တက်ကြွကြွ စိတ်ပါဝင်စားစွာ လုပ်ကိုင်နေကြတဲ့..
လူငယ်မျိုးဆက်သစ်တွေကြားမှာ.. စိတ်မချမ်းမြေ့ဖွယ် အယူအဆတစ်ခုကို မကြာခဏ တွေ့ရှိနေရပါတယ်..
အဲဒါကတော့ ဘုရားဟော တရားစာပေများနဲ့ ပတ်သက်ပြီး..
ကိုယ်နားမလည်နိုင်တဲ့အယူအဆ၊ ခေတ်ကာလ.. အတွေးအမြင်နဲ့ မကိုက်ညီတဲ့
အတွေးအခေါ်..
ကိုယ့်အမြင်မှာ အတိတ္တရ၀ုတ္တိဆန်တယ်ထင်တဲ့.. အရေးအသားတွေ.. စာပေတွေ..
တွေ့ရင်၊ မြင်ရင်.. ဒါမှမဟုတ် ဘာသာခြားတွေက မေးမြန်းလာရင်..
ဒါ.. အဋ္ဌကထာထဲက ဟာတွေပဲ.. ဘုရားဟော ပါဠိတိုက်ရိုက်မဟုတ်ဘူး..
ရှင်မဟာဗုဒ္ဓဂေါသရဲ့ လက်ရာတွေပဲ.. ဒါတွေကို ကျုပ်တို့က လက်မခံဘူး..
စသဖြင့် အဋ္ဌကထာ၊ ဋီကာတွေကို ခါးသီးစွာ လူလိမ်တွေက ပြုစုထားတဲ့
ကျမ်းစာတွေပမာ.. ပြောတတ်၊ ဆိုတတ်ကြတယ်..

တချို့လူငယ်တွေကလည်း.. အဋ္ဌကထာဆိုတာ.. ပါဠိတော်တွေကို ပုံပြင်တွေနဲ့
တန်ဆာဆင် ဟောပြောထားတာပဲ.. ဘုရားဟော တိုက်ရိုက်မဟုတ်ဘူး စသဖြင့်..

အဋ္ဌကထာဟူသည်.. မုသာဝါဒ အပေါင်းတို့ စုဝေးရာ စာပေသဖွယ်.. မိမိဘာသာစာပေ

အနှစ်သာရကို သေးသိမ်အောင်၊ ချိုးနှိမ်ပြောဆိုလေ့ ရှိတာကို မကြာခဏတွေ့မြင်နေရပါတယ်…

ဒီအတွေးအခေါ်တွေ.. ဘယ်ကရောက်လာပြီး ဘယ်လိုကျယ်ပြန့်လာတယ်ဆိုတာဆန်းစစ်ကြည့်တော့..ပင်ကိုယ် သဘာဝအားဖြင့် လူငယ်တွေဟာ.. ဆန်းသစ်မှု၊ရှေးရိုးစွဲအယူအဆများကို ဆန့်ကျင်လိုမှု၊ သဘာဝယုတ္တိကိုပဲ လက်ခံယုံကြည်နိုင်မှုစတဲ့အမူအကျင့်တွေရှိတတ်ပါတယ်.. ဘာသာခြားတွေနဲ့ ဘာသာရေးကိစ္စ ငြင်းခုန်ပြောဆိုကြတဲ့အခါ..ဒီကိစ္စနဲ့ပတ်သက်ပြီးသမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံလို မှတ်တမ်းစာအုပ်တွေကို လေ့လာကိုးကား မိတတ်ကြတယ်.. ဒါကတော့အခုမျိုးဆက်မှမဟုတ်ပါဘူး.. ရှေ့ကမျိုးဆက်မှာလည်း ဒီလိုပဲ ရှိခဲ့တာပါပဲ.. ဒီစာတွေဖတ်ပြီး မိမိဘာသာဖက်က ပိုင်နိုင်စွာ ချေပပြောဆိုနိုင်တဲ့ရှင်ဥက္ကဌ-ဟာ စာဖတ်သူရဲ့ အတွေးပုံရိပ်မှာ.. တကယ့်လူစွမ်းကောင်း ဟီးရိုးကြီးပမာထင်မြင်ယူဆမိတတ်တာ သဘာဝပါ..ဒီကိစ္စမှာ တကယ်လည်း တော်တဲ့ အရည်အချင်းရှိတဲ့ဆရာတော်တစ်ပါးဆိုတာကိုတော့

လက်ခံရမှာပါပဲ.. ပြီးတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို လေ့လာချင်သူ လူငယ်တွေဟာ စာအုပ်စင်မှာ ဘယ်စာအုပ်ကို ဖတ်ရင်ကောင်းမလဲလို့.. စာအုပ်ခေါင်းစဉ်တွေကို
အရင်လေ့လာကြည့်တာအခါ.. ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ခေါင်းစဉ်ဟာ

မိမိသိလိုတာတွေကို သိရှိနိုင်မယ့် စာအုပ်လို့ စာအုပ်နာမည်ကို ကြည့်ပြီး ထင်မြင်ယူဆမိတတ်ကြတယ်..

ဒီလိုနဲ့.. ဘာသာရေးစာပေမျိုးစုံကို ထောင့်စိအောင် မလေ့လာမီ..
တနည်းအားဖြင့်.. စာဖတ်ပါးမ၀ခင်..ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို
မြင်နိုင်သေးတဲ့ အသိဥာဏ် မရင့်ကျက်မီ.. ဘာသာ၊ သာသနာအပေါ်ထားအပ်တဲ့သဒ္ဓါတရား အားမကောင်းမီ.. အဲဒီစာအုပ်တွေကို ဖတ်ရှုမိသူ လူငယ်တွေဟာ..အဲဒီစာအုပ်တွေရဲ့ အယူအဆမှားတွေကို အဟုတ်ကြီးထင်ပြီး.. တကယ့်ကို
လက်တွေ့ဆန်တဲ့ စာအုပ်တွေလို့ ထင်မြင်ယူဆသွားတတ်ကြတယ်.. တကယ်တော့ အဲဒီစာအုပ်တွေကို ရေးသားတဲ့ ပုဂ္ဂိုလ်များဟာ ဗုဒ္ဓဘာသာကို သညာသိ၊စာသိမျှနဲ့ လမ်းဆုံးနေကြသူများ ဖြစ်တဲ့အပြင်.. ဘုရား၊ တရား၊ သံဃာ

ရတနာသုံးပါးအပေါ် သဒ္ဓါတရား လွန်စွာနည်းပါးလှတဲ့ အမည်ခံ ဗုဒ္ဓဘာသာဝင်များသာ
ဖြစ်ပါတယ်.. သူတို့ဟာ ဘာသာရဲ့ အနှစ်သာရကို လက်တွေ့ကျင့်ကြံအားထုတ်မှု
လုံးဝ မပြုလုပ်ပဲ အနောက်တိုင်းက ဘာသာခြားစာရေးဆရာများရဲ့ လိုရာဆွဲရေးတဲ့
စာအုပ်၊ စာပေတွေကိုသာ.. တကယ့်အားကိုးအားထားပြုဖွယ်
အနှစ်သာရအစစ်အမှန်များပမာ.. ရာခိုင်နှုန်းပြည့် ကိုးကားခဲ့ကြတာပါ..
ပြည်တွင်းက ပရိယတ်၊ ပဋိပတ်စွယ်စုံ တတ်ကျွမ်းသူ.. လက်တွေ့ကျင့်ကြံ

ပြီးမြောက်ကြသူတွေ ရေးသားပြုစုတဲ့ စာပေတွေကိုတော့ မျက်ကွယ်ပြုခဲ့ကြတယ်..
အနှစ်သာရကို အထဲထိ နှိုက်ပြီးရှာဖွေဖို့ သဒ္ဓါတရား အခြေခံတောင် မရှိ၊မဖြစ်ခဲ့ကြပါဘူး..

အဲဒီဘာသာခြား စာရေးဆရာတွေဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ၊သဘောသဘာဝအမှန်ကို လက်တွေ့ကျင်ကြံမှုအပိုင်း.. လုံးဝမရှိပဲ.. ပျောက်သောသူ ရှာဖွေသလိုဗုဒ္ဓဘာသာကို ခုနှစ်သက္ကရာဇ်၊ သမိုင်းအမှတ်အသားတွေထဲမှာ..ရှာဖွေသုံးသပ်ကြသူတွေ ဖြစ်တယ်.. တကယ်တော့ လက်ရှိအထင်အရှား ရှိနေတဲ့ဗုဒ္ဓဘာသာရဲ့ အဖြစ်မှန်တွေကို အမှန်တကယ်သိချင်ရင်.. အရင်အားထုတ်လေ့လာ
ကြည့်ရမှာပါ.. လောကရဲ့ အမှန်တရားတွေကို မြင်နိုင်တဲ့ အသိဥာဏ်
အထိုက်အလျောက် ရလာတော့မှ.. ဗုဒ္ဓရဲ့မဟာဥာဏ်တော်ကြီးကို အရိပ်အမြွတ်သိနားလည်လာနိုင်တာပါ.. အနှစ်သာရကို သင့်တင့်အောင်နှလုံး သွင်းနိုင်တဲ့
အသိဥာဏ်ရှိမှ ပြင်ပဗဟိဒ္ဓိကိစ္စတွေကို သမာသမတ်ကျစွာ ဆင်ခြင်နိုင်မှာပါ..

အခုတော့ လေ့လာသိရှိထားတဲ့ သမိုင်းနယ်ပယ် ခပ်ကျဉ်းကျဉ်းလေးကိုပဲဗဟိုပြုပြီး ဗုဒ္ဓဘာသာကို သုံးသပ်တင်ပြထားတာပါ..အနောက်တိုင်းစာပေတွေကိုမှ
အထင်ကြီးကိုးကားတတ်တဲ့ ပြည်တွင်းက စာရေးဆရာကြီးအချို့ကလည်း
ဒီအမှားတွေကိုအလွန်တရာ အထင်ကြီးလေးစားစွာနဲ့ ကိုးကားပြီး ဗုဒ္ဓဘာသာကို
သေးသိမ်အောင်နှိမ့်ချ ဆော်ကားတဲ့ အရေးအသားတွေကို တွေ့နေရပါတယ်.. ဒီလို
ဆော်ကားရတာကို ဂုဏ်ပုဒ်တစ်ခုလို ယူဆပြီး သူ့ရဲ့ကလောင်အမည်အရှေ့မှာ…..ကျမ်းပြုဆရာဆိုတဲ့.. ၀ိသေသနပုဒ်ကိုတောင်ဖြည့်စွက်ထားလိုက်ပါသေးတယ်..

သူတို့တတွေဟာ.. ဗုဒ္ဓဘာသာကို အမြစ်ကနေ လှန်ချင်တော့ အဘိဓမ္မာဆိုတာ
ဘုရားဟောမဟုတ်ဘူး ဆိုပြီး ခုနှစ်သက္ကရာဇ်တွေကို အခြေခံပြီးကိုးကားပြောဆိုကြပြန်တယ်..
တကယ်တော့ အဘိဓမ္မာဆိုတာ ၀ိနည်း၊ သုတ္တံတို့ရဲ့ အနှစ်ချုပ်ပါ.. ပိုပြီး
သာလွန်မြင့်မြတ်ပါတယ်..
အဘိဓမ္မာကို နားလည်နိုင်ဖို့ဆိုတာ သညာသိ ဥာဏ်ရည်အသွေးလောက်နဲ့မရနိုင်ပါဘူး.. သဒ္ဓါတရားကို အခြေခံပြီး ၀င်ရောက်လေ့လာရတာမျိုးပါ..သဒ္ဓါတရားမှ အခြေခံမရှိရင် ဗုဒ္ဓရဲ့ အဘိဓမ္မာတွေကို ဘယ်လိုမှ
နားလည်နိုင်မှာမဟုတ်ပါဘူး..

ထိုအကြောင်းတို့နှင့် ပတ်သက်ပြီး ဥပမာ တခု ဖော်ပြအံ့

ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ ခေါင်းစဉ်ကို အမည်တတ်ပြီး
ရေးသားခဲ့သူရှိပါသည်
ထိုအကြောင်းကို သိသာစေရန် ဖော်ပြပါမည်။
ထိုစာအုပ်ကို ပြုစုသူကား

ဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်ဖြစ်ပေ၏။

ထိုပုဂ္ဂိုလ်သည်လည်း မြန်မာနိုင်ငံတွင်
ပြန်လည်ပေါ်ထွန်းလာသော အဓမ္မ၀ါဒီများထဲတွင်
တစ်ယောက်အပါဝင်ဖြစ်ပါတယ်။

ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ကြီးဟာ
ထေရ၀ါဒပိဋကတ်တော်တို့ကို နှိမ်ချပြီးဖျက်စီးရေးသားတဲ့ စာအုပ်ကြီးဖြစ်တဲ့အတွက်ကြောင့် (၁၉၆၄) ခုနှစ်မှ ယခုချိန်ထိ တလျှောက်လုံး
နိုင်ငံတော်မှ ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ သို့သော်လည်း (2004) ခုနှစ်တွင် ပါရမီစာပေမှ တအုပ်လျှင် (၆၀၀၀) ကျပ်နုံးဖြင့်
ပြန်လည် ဖြန့်ချီလာခြင်း ဖြစ်ပါတယ်။
ယခုအချိန်ထိပင် ဆက်လက်ရောင်းချနေသည်ဟု သိရပေ၏။
ဒီစာအုပ်ကြီး၏ အကျိုးဆက်အနေနဲ့ ပိဋကတ်တော်လာတရားတော်တို့ကို တပိုင်းတစလောက် သိရုံနဲ့
ခြေခြေမြစ်မြစ်မသိဘဲနဲ့ ပိဋကတ်တော်လာတရားတော်တွေက အမှားတွေဖြစ်မှာပါ
ဟူသော သိမ်ဖျင်းတဲ့ အတွေးအခေါ်များ ယူဆလာတဲ့ သူများသာ တိုးပွားလာပါသည်။
အဘိဓမ္မာပယ်ဝါဒ များလည်း တိုးပွားလာပါသည်။
ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒဆိုတဲ့ စာအုပ်ကြီးရဲ့ ပိဋကတ်တော်လာတရားတော်များကို
နှိမ်ချရေးသားထားမူ့၊
ဖျက်ဆီးရေးသားထားမူ၊
ခေတ်အဆက်ဆက် သံဃာတော်တို့ကို စော်ကားထားမူ့
မူလဗုဒ္ဓ၀င်ကို ဖျက်ဆီးထားမူ့တို့ကြောင့် ပိတ်ပင်ထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။
ထိုစာအုပ်ပါ အကြောင်းအရာကို ဆောင်းပါးရှင် ဆရာတော် အရှင်ကောဝိဒ(ယော)
မှ ပြုစုစိစစ်၍ ဓမ္မရံသီ မဂ္ဂဇင်းတွင်း အခန်းဆက်ဆောင်းပါးများရေးသားခဲ့ဘူးပါသည်။
ယခုအခါ ထိုဆောင်းပါများကို ပြန်လည်စုစည်း၍
ဗုဒ္ဓ၏ဗုဒ္ဓ ၀ါဒ ဆိုသော စာအုပ်အမည်ဖြင့်
နှလုံးလှစာပေမှ တအုပ်လျှင် 1500 ကျပ်နုံးဖြင့် ထုတ်ဝေဖြန့်ချီနေပါသည်။
ဥိးအေးမောင် ၏ စာအုပ်သည် အဓမ္မ၀ါဒ တရားများဖြစ်ကြောင်း
သိလိုပါလျှင် ထိုစာအုပ်ကို ၀ယ်ယူဖတ်ရှူလျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု
အကြံပြုအပ်ပါသည်။

သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာ စာပေများနှင့် အကျွမ်းဝင်မူ
နည်းပါးသေးလျှင် ထို ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုသောဦးအေးမောင်(စာပေဗိမာန်ဆုရ) ဆိုသောပုဂ္ဂိုလ်၏စာအုပ်ကြီးကို
မဖတ်လျှင်ကား အကောင်းဖြစ်ပါလိမ့်မည်
ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုသောထိုစာအုပ်ကြိးထဲမှ ရွှေမြန်မာဗုဒ္ဓဘာသာဝင်များ
မှတ်သားသင့်တဲ့ အချက်လေးတော့ ထုတ်ပြပါမည်။

မြန်မာဗုဒ္ဓ၀ါဒီတို့ ဆင်ခြင် သုံးသပ်သင့်သော ဘာသာရေး ဓလေ့ထုံးစံတစ်ခုမှာ ကလေး
သူငယ်များကို ရှင်ပြုသော ထုံးစံဖြစ်၏ ။ မြန်မာတို့သည် မိမိတို့၏ သားသမီးများကို အသက်ငယ်ရွယ်စဉ် ရှင်ပြုလေ့ရှိကြ၏ ။
ဝိနည်းပိဋကတ်၌ ဗုဒ္ဓသည် ရဟန်းတို့အား အသက် ၁၅ နှစ်
မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု
ပညတ်တော်မူသည် ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)

ဝိနည်းပိဋကတ်လာ ပညတ်တော်မူချက်နှင့် အဖြစ်အပျက်အလုံးစုံကို
ထုတ်ပြပါမည်။
တစ်ရံရောအခါ တစ်ဥိးသော အမျိုးသည် ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေ၏။
ထိုအမျိုး၌ သားအဖနှစ်ယောက်တို့သည်သာလျှင် ကြွင်းကျန်ကုန်၏။ ထိုသူတို့သည် ရဟန်းတို့၏ အထံ၌
ရဟန်းပြု၍ အတူတကွ ဆွမ်းခံလှည့်လည်ကြကုန်၏။
ထိုအခါ အဖအား ဆွမ်းလှူသည်ရှိသော် သူငယ်သည် ပြေးလာ၍
`ဖခင် ကျွန်တော့်အားလည်း ပေးပါလော့၊ ဖခင် ကျွန်တော့်အားလည်း ပေးပါလော့` ဟုဆို၏။
လူတို့သည် `သာကီဝင်မင်းသာ ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မမြတ်သော အကျင့်ကို ကျင့်ကုန်၏။
ဤသူငယ်သည်ကား ရဟန်းမိန်းမမှ မွေးဖွား၏` ဟု ကဲ့ရဲ့  ကုန်၏။ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ကဲ့ ရှုံ့ချ အပြစ်ပြောကြသော ထိုလူတို့၏ စကားကို ဘုရားရှင်အား လျှောက်ကြကုန်၏။
ထိုအခါ ဘုရားရှင်က ရဟန်းတို့ အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏ ။

ထိုအခါ၌ သဒ္ဓါတရားရှိ၍ ကြည်ညိုတတ်သော အရှင်အာနန္ဒာ၏ အလုပ်အကျွေး အမျိုးသည်
ယဉ်းအနာ`အဟိဝါတက ရောဂါ´ ဖြင့် သေလေသော် သူငယ်နှစ်ယောက်တို့သာ ကြွင်းကျန်ကုန်၏။
ထိုသူငယ်တို့သည် ရှေးအလေ့အကျက်အားဖြင့် ရဟန်းတို့ကို မြင်သောအခါ ပြေးလာသည်ရှိသော်
ရဟန်းတို့သည် မောင်းမဲဤနှင်ထုတ်ကြကုန်သောအခါ ထိုသူငယ်တို့သည် ငိုကြွေးကြကုန်၏။
ထိုအခါ အရှင်အရှင်အာနန္ဒာအား `မြတ်စွာဘုရားသည် အသက် ၁၅ နှစ်မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။
ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူ၏။ ဤသူငယ်တို့သည် ၁၅ နှစ်မပြည့်သေးကုန်၊
အဘယ်သို့သော အကြောင်းဖြင့် ဤသူငယ်တို့သည် မပျက်စီးကုန်ရာပါအံ့နည်း` ဟု အကြံဖြစ်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏
ဘုရားရှင်က ပြန်လည်မိန့်ဆိုသည်မှာ
ချစ်သားအာနန္ဒာ ထိုရှင်ပြုချင်ကြသောကလေးတို့သည်
ကျီးတို့ ချောက်လန့်နိုင်ပါ၏လားလို့ မေးတော်မူ၏
ထိုအခါ ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါသည်ဟု
ဖြေလေသော် ထိုသို့ဖြစ်လျှင်
အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးခြင်းကို ခွင့်ပြု၏။
ရှင်သာမဏေ ပြုပေးနိုင်၏
ရှင်ပြုခြင်းငှာ ခွင့်ပြု၏` ဟု ဘုရားရှင်းမိန့်တော်မူ၏။

အထက်ပါ ပညတ်ချက်များကို ကြည့်လျှင်
အသက် ၁၅ နှစ်မပြည့်လျှင် ရှင်မပြုအပ်ဟူသော ပညတ်ချက်သည် မူလပညတ်ချက်ဖြစ်၏။
အသက် ၁၅ နှစ်မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လန့်ခြင်း၌ စွမ်းနိုင်ကြပါက ရှင်ပြုပေးနိုင်၏` ဟူသော
ထိုပညတ်ချက်သည် မူလပညတ်ကို ပယ်ဖျက်ပေးရာလည်း ရောက်ပါသည် သို့ဖြစ်ပါ၍ ယခုခေတ်တွင် အသက် ၁၅ နှစ်မပြည့်သေးသော်လည်း
ရှင်ပြုပေးခြင်းသည် အပြစ်အားဖြင့် တစုံတရာမဖြစ်ပေ။ သို့ရာတွင် မူလ ပညတ်တော်မူအပ်သော အသက် ၁၅ နှစ်အရွယ်သည်
အထက်ပါကဲ့သို့ အခက်ခဲရှိမှသာ အသက် ၁၅ နှစ်မပြည့်မီ ရှင်ပြုလိုက် ပြုပေးသင့်၏။

ထို့ကြောင့် ဗုဒ္ဓ၀ါဒ ကျမ်းဆရာ ဆက်လက်ပြဆိုအပ်သော အောက်ပါမှတ်ချက်မှာ မှန်ကန်
ကောင်းမွန်ပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင်များ အလေးအနက်ထားဤ ပြုသင့်သော အချက်ဖြစ်ပေသည်။
ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေသည် ။ ရှင်သာမဏေအဖြစ်သည်
တတ်သိလိမ္မာသော အရွယ်သို့ ရောက်ရှိပြီးဖြစ်သည့် သူငယ်များအဖို့သာလျှင် အကျိုးရှိသည်။
ယခုကာလ၌ မိဘများက ရှင်ပြုသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ် ဥာဏ်နု
နယ်သေးသော သူများ ဖြစ်ကြရကား ဘာသာရေးဘက်၌ တစ်စုံတစ်ရာထူးခြားပြောင်းလဲခြင်း
မရှိချေ ။ သို့ဖြစ်၍ ယခုခေတ် လူငယ်များသည် အားလုံးလိုလို ရှင်သာမဏေ ဖြစ်ခဲ့ကြဖူးပါလျက် ဘာသာရေးအသိတရား ခေါင်းပါးနေကြ၏ ။ မိဘများသည် မိမိတို့ပြုသောကောင်းမှု
အတွက် နှစ်သိမ့်ကျေနပ်ကြပေမည် ။ သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည် မိဘများ၏
ကျေနပ်မှု ၊ ကုသိုလ်ရမှုအတွက် ဖြစ်ပါသလော ။ ကလေး၏ အကျိုးစီးပွား ၊ သာသနာတော်၏
အကျိုးစီးပွားအတွက် ဖြစ်သင့်သည် မဟုတ်ပါလော ဟု မေးဖွယ်ရှိ၏ ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၅)

ဤနေရာတွင် မိဘများဘက်ကသာ ပြင်ဆင်သင့်သည်မဟုတ်သေး။
ကျောင်းထိုင်ဆရာတော်များဘက်ကလည်း ငယ်ရွယ်နုနယ်သေးသော ကလေးသူငယ်များကို
ရှင်ပြုပေးဖို့ရာ လက်မခံသင့်ပေ။
ယခုကာလ ရှင်ပြုကြသော သူငယ်အချို့ကား သင်္ကန်းနိုင်ဖို့၊ သရဏဂုံ ပီသဖို့ နေနေသာသာ မိခင်နို့ပင် မပြတတ်သေး။
ညအိပ်လျှင် ဖခင်ဖြစ်သူက အတူလာအိပ်ပေးရ၏။ ဆွမ်းစားလျှင် ခွင့်ကျွေးရ၏။
ညညဆိုလျှင် ကလေးငိုသံ တညံညံနှင့် အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလှ၏။

အရှင်ဝရသာမိ
(သီတဂူ ဗုဒ္ဓတက္ကသိုလ်-ရန်ကုန်)

www.sbaystudent.org
www.sbay-student.co.cc

ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးကုန်သော စာရှူသူ သူတော်ကောင်း အမျိုးကောင်းသား သမီးတို့သည် ဤစာကို မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများသို့
ဖြန့်ဝေ၍ သာသနာပြုနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

မှတ်ချက်။ ။အထက်ပါ http://sbaystudent.org/ မှ ကူးယူခြင်းဖြစ်သောကြောင့် အသိတရားဖြင့် ဘ၀နာပွားနိုင်ကြပါစေ။